ရွှေပြည်သာမှာ မိဘမဲ့ကျောင်း ဆောက်လုပ် လှူဒါန်းနေတဲ့ R ဇာနည် တို့ ဇနီးမောင်နှံ
R ဇာနည် နဲ့ဝမ်း တို့ဇနီးမောင်နှံက ရန်ကုန်မြို့၊ ရွှေပြည်သာဘက်မှာ မိဘမဲ့ကလေးများနဲ့ သီလရှင်ကလေး များ နေထိုင်ဖို့အတွက် ကျောင်းဆောက်လုပ်လှူဒါန်းလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလှူဒါန်းမှုကတော့ R ဇာနည် ရဲ့ စီးရီးသစ် “ကမ္ဘာသား” ရောင်းရငွေများကို ဒုတိယအသုတ်အဖြစ် လှူဒါန်းခြင်းလည်း
ဖြစ်တယ်လို့ သိရပါတယ်။
” ကမ္ဘာသားစီးရီးရဲ့ ရောင်းရငွေထဲက ပထမတစ်လရောင်းရငွေ ကျပ်သိန်းတစ်ရာကို ဧရာဝတီတိုင်းဘက်က ကမ်းပြိုတဲ့ဒေသတွေမှာ လှူတယ်။ ရေတွင်းတွေ တူးဖြစ်တယ်။ အခု ဒုတိယတစ်လနဲ့ တတိယတစ်လ ရောင်းရငွေကို လှူမယ်လို့လုပ်ရင်း ရွှေပြည်သာက ကျောင်းမှာ သွားစုံ စမ်းတဲ့အခါ ဒီအဆောက်အအုံလေး ဆောက်ချင်တယ်ပေါ့။ ဘယ် လောက် လှူမလဲတွက်တော့ သိန်း ၆ဝ နီးပါးလှူမယ်ပေါ့။ ဒါပေမဲ့ တကယ်ဆောက်တဲ့အခါမှာ သိန်းတစ်ရာကျော်လောက် လှူဖို့များတယ်။ အဲဒါကို ဆက်ဆောက်နေတယ်။ နောက်ပိုင်း ရောင်းရတဲ့ငွေတွေလည်း အဲဒီကျောင်း
ဆောက်တဲ့အထဲကိုပဲ လှူသွားမှာပါ” လို့ R ဇာနည်တို့ ဇနီးမောင်နှံက လှူဒါန်းမှုနဲ့
ပတ်သက်လို့ ပြောပြပြီး ဒီကျောင်းကိုတော့ မိုးတွင်းအကုန်မှာအပြီး ဆောက်လုပ်သွားမယါ
လို့လည်း သိရပါတယ်။
တစ်ကိုယ်တော်စီးရီးအဖြစ် ၄ ခွေထွက်ရှိခဲ့ပြီ
ဖြစ်တဲ့ R ဇာနည် အနေနဲ့ ဒီ “ကမ္ဘာသား” စီးရီးမှာ ရောင်းရငွေတွေရဲ့ အရင်းအမြတ်
အားလုံး လှူဒါန်းဖြစ်ပုံနဲ့ပတ်သက်ပြီးမေးဖြစ်တဲ့
အခါ ” အရင်စီးရီးတွေကတော့ တခြား
ပရိုဂျူဆာတွေဆီကတစ်ဆင့် ထုတ်တာပေါ့။ ဒီ စီးရီးမှာတော့ ကိုယ်တိုင်မူပိုင် ပရိုဂျူဆာ
ဖြစ်တာလည်းပါတယ်။ ပြီးတော့ ကျွန်တော် ၂ဝဝဝ ခုနှစ်ကတည်းက သီချင်းဆိုလာတာ၊ အခု ၂ဝ၁၆ ဆိုရင် သီချင်းဆိုသက် ၁၆ နှစ်ပေါ့။ အဲဒီအချိန်မှာ ပရိသတ်နဲ့အတူတွဲပြီး အလှူလေး
လုပ်ချင်တာလည်းပါပါတယ်” လို့ R ဇာနည် က ဖြေပါတယ်။ စက်တင်ဘာလ၊ ၂၅ ရက်နေ့ အမျိုးသားကဇာတ်ရုံမှာ တစ်ကိုယ်တော်
ဖျော်ဖြေပွဲလည်း ပြုလုပ်ဖို့ရှိတဲ့ R ဇာနည် က သူ့ရဲ့စီးရီးသစ် ” ကမ္ဘာသား” ကိုလည်း MTV ရိုက်ကူးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။
credit: ရဲရဲ Popular Journal
photo:မျိုးကျော်(ကနောင်သွေး)