အများပြည်သူနေရာ နို့လှန်တိုက်တာ တားမြစ်ထားလို့ အာဂျင်တီးနားမိခင်များ နို့လှန်တိုက်ပြီး ကန့်ကွက်ဆန္ဒပြ
-----------------------------------------
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အာဂျင်တီးနားနိုင်ငံ ဗြူနိုအေရိစ်မြို့က ရင်ပြင်တစ်ခုမှာ ကလေးကို နို့လှန်တိုက်နေတဲ့ မိခင်တစ်ဦးကို အာဏာပိုင်က နေရာရွှေ့ခိုင်းမှု ဖြစ်ခဲ့ဖူးပါတယ်။ ဒါကိုမကျေနပ်ကြတဲ့ ရာပေါင်း များစွာသော ကလေးအမေတွေဟာ အများပြည်သူကြားကို ကလေးချီ ထွက်လာပြီး နို့လှန်တိုက် ဆန္ဒပြ ခဲ့ကြပါတယ်။
“နို့တိုက်တဲ့ကိစ္စဟာ ဆွေးနွေးစရာကို မဟုတ်ဘူး”၊ “ငါ့ရင်သား၊ ငါ့အခွင့်အရေး”စတဲ့ စာသားတွေလည်း ကိုင်ထားပါသေးတယ်။ ရဲတွေက လာရောက်ဖယ်ရှားခြင်း ခံလိုက်ရတဲ့ အမျိုးသမီး ကွန်စတန်ဇာဆန်တို့စ်ကို ထောက်ခံတဲ့အနေနဲ့ အမျိုးသမီး ငါးရာလောက် လမ်းမပေါ် ထွက်လာကြတာ ဖြစ်ပါတယ်။ ထိုင်သပိတ် မဟုတ်ဘဲ နို့သပိတ် ဖြစ်တယ်လို့ ပြောကြပါတယ်။ မိခင်တွေရဲ့ အခွင့်အရေးကို ထိပါးတာမျိုးကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထောက်ခံသူတွေက ပြောကြားနေကြပါတယ်။ အာဂျင်တီးနားနိုင်ငံက တခြားမြို့တွေမှာလည်း အလားတူ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပါသေးတယ်တဲ့။