အမျိုးသမီးတစ်ယောက်ကို သုံးနှစ်ကြာပြီးနောက် ဒုတိယအကြိမ် အဓမ္မပြုကျင့်သည့် လူသုံးယောက်ကို အိန္ဒိယရဲက ဖမ်းဆီး
**********************************************
ရိုတက်၊ ဇူလိုင်-၂၀
ရိုတက်မြို့မှ အသက်၂၀အရွယ် ကောလိပ်ကျောင်းသူတစ်ဦးကို အုပ်စုလိုက်အဓမ္မပြုကျင့်မှုစွဲချက်ဖြင့် အမျိုးသား၃ယောက်ကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ရာ လွန်ခဲ့သည့်၃နှစ်က မုဒိမ်းမှုကို တိုင်ကြားခဲ့သည့်အတွက် ထိုအမျိုးသားသုံးယောက်ကပင် သူမကို အပြစ်ပေးရန် ရည်ရွယ်၍ ထပ်မံကျူးလွန်ခြင်းဖြစ်သည်ဟု ကျောင်းသူ၏ မိသားစုက ယုံကြည်နေကြသည်။
ဖမ်းဆီးထားသည့် အမျိုးသားများအနက် ၂ယောက်မှာ ၂၀၁၃ခုနှစ်က အမျိုးသမီးတစ်ယောက်တည်းကိုပင် လူ၅ယောက် အုပ်စုတစ်စုက မုဒိမ်းကျင့်မှုသံသယဖြင့် တရားစွဲခံရပြီးနောက် အာမခံဖြင့်လွတ်နေသူများဖြစ်သည်ဟု အိန္ဒိယမြောက်ပိုင်း ဟာယာနာပြည်နယ်မှ ရဲတပ်ဖွဲ့ ညွှန်ချုပ်က အတည်ပြုခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းတွင် ဖော်ပြထားသည်။
ဇူလိုင် ၁၃ရက်နေ့က ကောလိပ်သို့သွားရာလမ်းပေါ်တွင် ပျောက်ဆုံးသွားခဲ့သည်ကို သူမ၏ မိသားစုက ပြောပြခဲ့သည်ဟု ဆိုသည်။ အမျိုးသမီးကို ယောက်ျားတစ်စုက အဓမ္မဆွဲခေါ်က မုဒိမ်းကျင့်ခံခဲ့ရပြီးနောက် အ၀တ်အစားများ စုတ်ပြဲလျှက် ဒူးခေါင်းတွင် ဒဏ်ရာနှင့် တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။
“ရုံးတော်ပြင်ပမှာ ကြေအေးဖို့ တရားခံတွေက အမြဲတစေခြိမ်းခြောက်နေခဲ့ကြပေမယ့်လည်း ကျနော်တို့က အလျှော့မပေးခဲ့ဘူး။ ဒါ့ကြောင့် သူမကို နောက်တစ်ကြိမ် တိုက်ခိုက်လာတာပါ”ဟု ကျောင်းသူ၏ အစ်ကိုဖြစ်သူက The Hindustan Timesသို့ ပြောကြားခဲ့သည်။
အမျိုးသမီး၏ပြောဆိုချက် မှန်မမှန် စစ်ဆေးရန်အတွက် မှုခင်းဆေးစစ်ချက်ကို စောင့်မျှော်နေကြသည်ဟုလည်း အာဏာပိုင်များက ပြောကြားကြောင်း New York Times တွင် ဖော်ပြထားသည်။
Ref; New York Times
AM (china.com)