၁၈ နှစ်အရွယ် မိန်းကလေး တစ်ဦးအား လူလေးဦးက တရုတ်နိုင်ငံတွင် အလုပ်ရမည် ပြောဆိုပြီး တရုတ်အမျိုးသား တစ်ဦးထံ ကျပ်သိန်း ၃၀ ဖြင့် ရောင်းစားခဲ့


17.7.2016

အသက် ၁၈ နှစ် အရွယ်ရှိ မိန်းကလေး တစ်ဦးအား လူလေးဦးက တရုတ်နိုင်ငံတွင် အလုပ်ရမည် ပြောဆိုကာ တရုတ်အမျိုးသား တစ်ဦးထံ ကျပ်သိန်း ၃၀ ဖြင့် ရောင်းစားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ပန်းတောင်းမြို့နယ် ကျေးရွာတစ်ရွာတွင် ယခုနှစ် ဧပြီ ၂၅ ရက် နံနက် ၉ နာရီက အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် သမီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့်အတူ ရှိနေစဉ် ၀င်းနိုင် ၄၈ နှစ်၊ မ၀ါဝါခိုင် ၂၄ နှစ်၊ မအီသွယ် ၂၄ နှစ်၊ ကိုအကျော် ၂၆ နှစ်တို့ လေးဦးက ရောက်ရှိလာကာ မိန်းကလေးအား တရုတ်နိုင်ငံတွင် တစ်နေ့လျှင် တရုတ်ယွမ်ငွေ ၁၀၀ ဖြင့် ဖုန်းနားကြပ် ထုတ်လုပ်သည့် လုပ်ငန်းတွင် လုပ်ကိုင်ရမည်ဟု ပြောဆိုကာ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဇူလိုင် ၅ ရက်တွင် မိခင်ဖြစ်သူက ရာအိမ်မှူး နေအိမ်တွင် ရှိနေစဉ် သမီးဖြစ်သူအား ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ၀င်းနိုင်နှင့်အတူ လာရောက်ခဲ့သော မအီသွယ်နှင့် ကိုအကျော်တို့က တရုတ်အမျိုးသား တစ်ဦးထံ မြန်မာငွေကျပ် သိန်း ၃၀ ဖြင့် ရောင်းစားခဲ့ကြောင်း သမီးဖြစ်သူက ပြောပြ၍ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မိခင်ဖြစ်သူက ဇူလိုင် ၁၅ ရက်တွင် ၀င်းနိုင်ပါ လေးဦးအား နယ်မြေရဲစခန်း (ပွေးကျစ်) တွင် တိုင်တန်းသောကြောင့် (ပ) ၃၇/ ၂၀၁၆ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၈ အရ အမှုဖွင့်ပြီး တရားခံ ၀င်းနိုင်နှင့် မ၀ါဝါခိုင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နောက်တရားခံ နှစ်ဦးဖြစ်သူ မအီသွယ်နှင့် ကိုအကျော်တို့အား ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိပြီး ရောင်းစားခံရသည့် မိန်းကလေးအား ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် မြို့မရဲစခန်း (မူဆယ်) နှင့် လူကုန်ကူး တားဆီးတပ်ဖွဲ့စု (မူဆယ်) တို့မှ တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
Writer: 
သက်ထွန်းအောင်
EMG
Powered by Blogger.