ရွှေလီမြို့တွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၉ဝ ကို တရုတ်ထပ်လွှဲ
***************************************
ရွှေလီမြို့တွင် ဖမ်းဆီးခံ ထားရသော မြန်မာနိုင်ငံသား ၉ဝ ဦးကို တရုတ် အာဏာပိုင်များက ဇူလိုင် ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲက မြန်မာနိုင်ငံဘက်သို့ ထပ်မံ လွှဲပြောင်း ပေးခဲ့ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဌာနခွဲ (၇) ထံမှ သိရသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ရှိ တရုတ် - မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဌာနမှ ဌာနမှူး မစ္စတာ ရင်တာတောင်က လာရောက် အပ်နှံခဲ့ခြင်းဖြစ်ကြောင်း၊ လွဲအပ်ခံရသူများမှာ အမျိုးသား ၈ဝ ဦးနှင့် အမျိုးသမီး ၁ဝ ဦး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဌာနခွဲ(၇) (ရွှေနန်းတော် ဝင်ထွက်ပေါက်)မှ လဝက အရာရှိ ဦးဇော်လင်းက ပြောကြားသည်။
"စကားပြန်ကနေတစ်ဆင့် သိရတာက သူတို့ (တရုတ်) နိုင်ငံရဲ့ ဥပဒေကို လေးစား လိုက်နာရမယ်ပေါ့။ ကျွန်တော်တို့က သူတို့ဥပဒေကို မသိဘူး။ အလုပ်လုပ်ချင်တာပဲ သိတာ"ဟု မန္တလေးမြို့နယ် ရွှေစာရံကျေးရွာမှ မြန်မာလုပ်သား ဦးအေးကျော်က ပြောဆိုသည်။
တရုတ်နိုင်ငံ ရွှေလီမြို့တွင်းနှင့် တရုတ်နယ်စပ် တစ်လျောက်ရှိ စိုက်ပျိုးရေးခြံများ၊ စက်မှုလက်မှု အလုပ်ရုံများတွင် အလုပ်လုပ်ရန် သွားရောက်ခဲ့သူများ ဖြစ်ကြောင်း ရွှေနန်းတော်ဝင်ထွက်ပေါက်တွင် လွှဲပြောင်းခံရသည့် မြန်မာလုပ်သားများထံမှ သိရသည်။
"ရွှေလီမှာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်က ရွှေလီကို လာခဲ့ပါ။ သူတို့ အလုပ်လုပ်နေတဲ့ လျှပ်စစ်ပစ္စည်း စက်ရုံမှာ အလုပ်သမား လိုနေတယ်။ လုပ်အားခ ကောင်းတယ်ဆိုလို့ ဆွေမျိုးတွေ စုလာတာ။ အမျိုးသမီးတွေလည်း ပါတယ်။ ရွှေလီမြို့ထဲ ရောက်ပြီး မကြာဘူး တရုတ်ရဲတွေ ရောက်လာပြီး ဖမ်းသွားတာ"ဟု မြင်ခြံမြို့နယ်မှ ဦးချစ်အောင်က ပြောကြားသည်။
တရုတ်နိုင်ငံတွင် အလုပ်သွားလုပ်မည့်သူများ အနေနှင့် ဘာသာစကား အခက်အခဲ၊ တရုတ်နိုင်ငံ၏ ဥပဒေတို့ကို နားလည်ထားရန်လိုကြောင်း၊ ယင်းသို့ မဟုတ်ပါက အခက်အခဲများနှင့် ကြုံတွေ့နိုင်သည့်အပြင် အဖမ်းခံရ မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
တရုတ်နိုင်ငံအတွင်း အလုပ်လုပ်ကိုင်မည့် နိုင်ငံခြားသားများအနေနှင့် နေထိုင်ခွင့်လက်မှတ် ပြုလုပ်ရန်နှင့် အလုပ်လုပ်ကိုင်မည့် စက်ရုံအလုပ်ရုံ ပိုင်ရှင်များ၏ အလုပ်ခန့်ထားစာအပြင် တရုတ်နိုင်ငံအတွင်း နေထိုင်ပါက အိမ်ရှင်၏ ထောက်ခံစာများ ရှိရန်လိုကြောင်း၊ ယူနန်ပြည်နယ် အစိုးရက ထုတ်ပြန်လိုက်သည့် နောက်ပိုင်း မြန်မာလုပ်သားများကို တရုတ်နယ်စပ်ရဲများက လိုက်လံဖမ်းဆီးကာ အကျဉ်းထောင်သို့ပို့၍ မူးယစ်ဆေးသုံး စွဲခြင်း ရှိ မရှိ စစ်ဆေးခံရကြောင်းလည်း မြန်မာလုပ်သား အချို့ထံမှ သိရသည်။
မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက တရုတ်နိုင်ငံအတွင်း ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသားများရှိပါက အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုမှုကြောင့် ယခုနှစ် ဇူလိုင် ၂၆ ရက်မှ ဇူလိုင် ၂၂ ရက်အထိ လွှဲပြောင်းပေးခဲ့သည့် မြန်မာလုပ်သား ၂ဝ၂ ဦး ရှိပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ဌာနခွဲ (၇) ၏ မှတ်တမ်းများအရ သိရသည်။
The Voice
ဓာတ်ပုံ - ရွှေနန်းတော်