မြှားဒဏ်ရာရထားသည့်တောဆင်ရိုင်းတစ်ကောင်ရဲနွယ်ဆည်ရေထိန်းတံခါးအနီးသေဆုံး


ရန်ကုန်၊ဇူလိုင် ၃၁

မြှားဒဏ်ရာရပြီး ရေနစ်သေဆုံးနေသော တောဆင်ရိုင်းတစ်ကောင် ပဲခူးတိုင်းဒေသကြီး ၊ကျောက်တံခါးမြို့နယ်၊ရဲနွယ်ဆည်ရေထိန်းတံခါးအနီးအနောက်ဘက် ရဲနွယ်ကြိုးဝိုင်းတွင်တွေ့ ရှိရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က တွေ့ ရှိခဲ့သော အဆိုပါ မြှားဒဏ်ဖြင့်သေဆုံးနေသောဆင်ကို ရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူး ဦးမျိုးမင်းက ပြောသည်။

''ဆင်က မြောင်းအတိုင်းတက်လာရာကနေ ကုန်းပေါ်ကိုမတက်နိုင်ဘဲသေဆုံးတာပါ။နောက်ပြီး ဆင်ကို စစ်ဆေးရာ ဘယ်ဘက်လည်ဂုတ်အနီး လက်ညှိးခန့်အကျယ် အပေါက်တစ်ပေါက်တွေ့ွတယ်။အနက်ကတော့ ၆ လက်မ ရှိတယ်။မြှားဒဏ်ရာဖြစ်တယ်လို့'' ၎င်းက ပြောသည်။

၎င်းဆင်သည် အထီးဖြစ်၍ ဟန်ဆင်အမျိုးအစားဖြစ်ကြောင်း၊ ၀ဲဘက်အစွယ်အရှည် ၁၆ လက်မနှင့် လုံးပတ် ၅ လက်မ၊ ယာဘက်အစွယ် အရှည် ၁၄ လက်မ၊ လုံးပတ် ၅ လက်မ၊ လုံးပတ် ၆ ပေ ၊ အရှည် ၄ ပေ၊အရပ်အမြင့် ၈ ပေ ရှိပြီး မြန်မာ့ဆင်မျိုးများအနက် အစွယ်တို ဆင်မျိုးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

တောဆင်ရိုင်း၏ အစွယ် ၂ ချောင်းနှင့်ဆင်၏အဓိကအစိတ်အပိုင်းများကို ကျောက်တံခါးသစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးမြင့်ထွန်းက ထိန်းသိမ်းထားပြီး အဆိုပါ ဆင်သေကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုနည်းတူ မုဆိုးများ၏ လက်ချက်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်နေ့က အရည်ခွံခွာပြီး အစွယ်ဖြတ်ခံထားရသော ဆင်သေတစ်ကောင် ကို ရခိုင်ပြည်နယ် ဂွမြို့နယ်၊ဂွ-ငသိုင်းချောင်းကားလမ်း မိုင်တိုင်အမှတ် ၃၈/ ၀ ရှိ ငထွေးချောင်းအဖျားအနီး၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဝေရှိုင်းကျော်
Popular

ဓာတ်ပုံ- ကျောက်တံခါးသတင်း
Powered by Blogger.