အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ ရာထူးမှအနားယူပြီးနောက် မီဒီယာတွင် ပထမဆုံးပြန်ပေါ်လာ
၂၀၁၁ မတ်လက ရာထူးမှ အနားယူပြီးနောက် လူ မြင်ကွင်းမှ ပျောက်ကွယ်နေခဲ့ သော ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေသည် သြဂုတ် ၁၂ ရက် ညနေက ထုတ်လွှင့်သော Phoenix Info News Channel ၏ ရုပ်သံသတင်းတွင် ပြန်လည်ပေါ် ထွက်လာခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းသူရဦးရွှေမန်း၊ ဒီချုပ်ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်တို့နှင့် တွေ့ဆုံခဲ့သည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံတကာဆက်ဆံရေးဝန်ကြီး Mr.Song Tao သည် ၎င်း၏ မြန်မာခရီးစဉ်အတွင်း ဦးသန်းရွှေနှင့်ပါ တွေ့ဆုံခဲ့ကြောင်း ဟောင်ကောင်အခြေစိုက် Phoenix Info News က ရုပ်သံထုတ်လွှင့်ခဲ့သည်။
‘‘အဘဦးသန်းရွှေနဲ့ တွေ့ သွားတယ်။ သွားပြီး ဂါရ၀ပြုတယ် လို့ မန်ဒရင်းဘာသာနဲ့ ကြေညာ သွားတယ်’’ဟု ရုပ်သံကြည့်ရှုခဲ့သူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး က ပြောသည်။ ဦးသန်းရွှေသည် အကျီအဖြူလက်ရှည်နှင့် နက်ပြာရောင်လုံချည်ကိုဝတ်ဆင်ထားသည်ကိုတွေ့ရသည်။
နေပြည်တော်ရှိ ဦးသန်းရွှေ ၏ နေအိမ်ဝင်းထဲသို့ သြဂုတ် ၁၁ ရက် မွန်းလွဲပိုင်း၌ တရုတ်ကိုယ် စားလှယ်အဖွဲ့၏ ယာဉ်တန်း ၀င် ရောက်သွားသည်ကို မြင်တွေ့ခဲ့ သူများလည်း ရှိသည်။ ဦးသန်းရွှေ သည် ယခင်သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းတစ်လျှောက် လုံး မီဒီယာများပေါ်တွင် လုံးဝမ ပေါ်လာဘဲ နေခဲ့သည်။
ဦးသန်းရွှေ ကွယ်လွန်ပြီဟု မကြာခဏ ကောလာဟလများ ထွက်ပေါ်လေ့ ရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲအပြီး၌ ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ မှုက ကောလာဟလများကို အ ဆုံးသတ်စေခဲ့သည်။ ထိုတွေ့ဆုံမှု မတိုင်မီ မြေးမလေးနှင့် တက်ဘ လက်တစ်လုံးကို ကြည့်ရှုနေသည့် ပုံမှာ လူမှုကွန်ရက်စာမျက်နှာ ထက်သို့ ပျံ့နှံ့ခဲ့သော်လည်း မည် သည့် အချိန်ကာလက ရိုက်ကူး ထားသည့်ပုံဟု အတည်ပြုနိုင်သူ ရှားပါးခဲ့သည်။
စာဖတ်နေသူကြီးဟု နာမည် ကြီးသည့် ဦးသန်းရွှေသည် လက် ရှိတပ်မတော်ခေါင်းဆောင်များ နှင့် ဦးသိန်းစိန်လက်ထက် အုပ် ချုပ်ရေးခေါင်းဆောင်များအပေါ် သြဇာညောင်းသူလည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် လာမည့်ရက်ပိုင်းအတွင်း တရုတ်နိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေးခရီး သွားရောက် မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစု ကြည် ခရီးစဉ်မတိုင်မီ တရုတ်ကွန် မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံ ရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာ ရောက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် Mr.Song Tao က တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးသည် လွန်စွာနက်ရှိုင်းကြောင်း၊ တရုတ် -မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ဆက် ဆံရေး တိုးတက်ကောင်းမွန် အောင် ဆောင်ရွက်ခြင်းသည် နှစ် နိုင်ငံစလုံး၏ အကျိုးစီးပွားနှင့် ကိုက်ညီမှုရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသည် မိမိ၏ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီ သော တိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းသည်ကို ထောက်ခံ အားပေးကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး တည်ငြိမ်မှု ရ ရှိရန်ကိုလည်း ကူညီထောက်ပံ့လို ကြောင်း၊ နှစ်နိုင်ငံရှိ အာဏာရပါ တီများအနေဖြင့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက် ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမို ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးလိုကြောင်း ပြော ကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်က လည်း မြန်မာနိုင်ငံအနေဖြင့် မြန်မာ-တရုတ် ဆက်ဆံရေးကို အလွန်အလေးထားကြောင်း၊ မ ကြာမီတွင် တရုတ်နိုင်ငံသို့ သွား ရောက်လည်ပတ်မည့် ချစ်ကြည် ရေးခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်နိုင်ရန် မျှော်လင့်ကြောင်း၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်အနေဖြင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီနှင့် ဆက်ဆံ ရေးပိုမိုနက်ရှိုင်းအောင် ဆောင် ရွက်ခြင်းဖြင့် အပြန်အလှန် ယုံ ကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု များကို စဉ်ဆက်မပြတ် တိုးမြှင့် သွားလိုကြောင်း ပြောကြားခဲ့သည် ဟု ထုတ်ပြန်ချက်၌ ပါရှိသည်။
Credit: 7Day Daily