ကုတင်အောက်တွင် အလောင်းရှိနေသည်ကို မသိပဲ တစ်ညလုံး အိပ်မိခဲ့သူနှစ်ဦး
ထိုင်းနိုင်ငံ ပတ္တရားအပန်းဖြေ ကမ်းခြေစခန်းက ဟိုတယ်တစ်ခုအတွင်း တည်းခိုခဲ့တဲ့ အမျိုးသားနှစ်ဦးဟာ သူတို့အိပ်စက်တဲ့ ကုတင်အောက်မှာ အလောင်းတစ်လောင်းရှိနေတာကို မသိပဲ တစ်ညလုံးအိပ်စက်မိခဲ့ပါတယ်။
အဆိုပါအမျိုးသားနှစ်ဦးကိုယ်တိုင်က မအိပ်စက်ခင်မှာ အခန်းအတွင်း အနံ့အသက်တစ်ခုခုရကြောင်း ဟိုတယ်ကို စောဒက တက်ခဲ့ပေမယ့် အခြားအခန်းတွေ အဆင်မပြေတာကြောင့် အဲဒီအခန်းမှာပဲ ဆက်အိပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ နောက်တစ်နေ့မှာတော့ အခန်းအတွင်း သန့်ရှင်းရေးဝင်လုပ်တဲ့ ဟိုတယ်ဝန်ထမ်းက အပုပ်နံ့ထွက်နေတာကို သတိထားမိပြီး ကုတင်ဘေးမှာလည်း သွေးစအချို့ရှိနေတာကို မြင်တွေ့ခဲ့ပါတယ်။
ကုတင်အောက်မှာ ရှိနေတဲ့ အသက်မဲ့ခန္ဓာကိုယ်ဟာ လိင်ပြောင်းအမျိုးသားတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဘန်ကောက်ပို့စ်သတင်းစာရဲ့ အဆိုအရ သေဆုံးသူဟာ အသက် ၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးဖြစ်ပြီး သေဆုံးမှုနဲ့ ပတ်သတ်လို့ ဆယ်ကျော်သက် လူငယ်နှစ်ဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးထားတဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်နဲ့ ၁၄ နှစ်အရွယ် လူငယ်နှစ်ဦးကလည်း ဒီလူသတ်မှုကို ကျူးလွန်မိကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။
DUWUN