မကွေးမြို့ သစ္စာလမ်းရှိ ရွှေဆိုင်နှင့် ရွှေပန်းတိမ်တစ်ခုတွင် မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟု ယူဆရသည့် လူငယ်နှစ်ဦးက ခြောက်လှန့်ငွေတောင်းယူမှု ဖြစ်ပွား


မကွေးမြို့ သစ္စာလမ်းနှင့် အထက(၁) လမ်းယာဘက်ထောင့်အနီး သစ္စာလမ်း အနောက်ဘက်ရှိ စိန်ရတနာရွှေဆိုင်၊ ရွှေပန်းတိမ်နှင့် အပေါင်ဆိုင် နေအိမ်တွင် သြဂုတ် ၂၂ ရက် ည ၇ နာရီခန့်က မူးယစ်ဆေးဝါး သုံးစွဲထားသည်ဟု ယူဆရသည့် လူငယ်နှစ်ဦးက ခြောက်လှန့်ငွေတောင်းယူမှု ဖြစ်ပွားခဲ့ပြီး ယင်းလူငယ်နှစ်ဦးအား အခင်းဖြစ်နေအိမ်၌ပင် ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ နေအိမ်မှ မိသားစုဝင်များနှင့် မကွေးမြို့မ ရဲစခန်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ရွှေဆိုင်နေအိမ်မှ ပန်းတိမ် အလုပ်သမားများ အလုပ်ပြန်ရန် နေအိမ်တံခါးအားဖွင့်စဉ် အသက် ၂၀ ခန့် လူငယ်နှစ်ဦး ၀င်ရောက်လာကြောင်း၊ ထို့ကြောင့် နေအိမ်ပိုင်ရှင် ဦးအောင်ကျော်စိုးက နေအိမ်ဘာဂျာတံခါးအား ဆွဲပိတ်စဉ် လူငယ်များက တံခါးကို ပြန်ဆွဲဖွင့်ခဲ့ပြီးနောက် နေအိမ်အ၀င်ဝရှိ လုံခြုံရေး ကင်မရာကိုလည်း ဆွဲလှန်ခဲ့ကြောင်း၊ ထို့နောက် လူငယ်တစ်ဦးက မင်းက သိန်း ၅၀ ကို ရအောင်တောင်းဟု ပြောဆိုခဲ့ကြောင်း၊ နေအိမ်ပိုင်ရှင်၏ ဖုန်းဆက်အကူအညီ တောင်းခံမှုကြောင့် နာရီဝက်ခန့် အကြာတွင် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လူငယ်နှစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

“အစ်မက ရေချိုးနေတုန်း အိမ်ရှေ့မှာ အသံတွေကြားလို့ ထွက်ကြည့်ခဲ့တာပါ။ အစ်မရဲ့ အမျိုးသားက ၀င်လာတဲ့ လူငယ်တွေကို တွန်းထုတ်တော့ သူတို့ကလည်း ပြန်တွန်းကြတယ်။ ပြီးတော့ လုံခြုံရေး ကင်မရာကိုလည်း ဘေးကိုလှည့်ပစ်ကြတယ်။ ခဏနေတော့ ရဲတွေရောက်လာပြီး သူတို့ကို ၀ိုင်းဖမ်းကြတာပါ” ဟု အခင်းဖြစ်နေအိမ်မှ မိသားစုဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား Facebook စာမျက်နှာတွင် အနုကြမ်းစီးမှု ဖြစ်ပွားသည်ဟု ရေးသားမှုများရှိခဲ့၍ အခင်းဖြစ်နေအိမ်ရှေ့သို့ ည ၉ နာရီခန့်အထိ လာရောက်ကြည့်ရှုသူ များပြားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အခင်းဖြစ်ည ၁၀ နာရီအထိ မကွေးမြို့မရဲစခန်းမှ တာဝန်ရှိသူများက ကွင်းဆက်အခြေအနေများကို စုံစမ်းစစ်ဆေးဆဲဖြစ်ပြီး အမှုဖွင့်လှစ်ခြင်း မရှိသေးကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် အခင်းဖြစ်နေအိမ်မှ မိသားစုဝင်များ ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ဘဲ လူငယ်နှစ်ဦးထံမှ Honda Wave ၁၁၀ ဆိုင်ကယ်တစ်စီးနှင့် အခြားပစ္စည်းအချို့ ဖမ်းဆီးရမိထားကြောင်း မိသားစုဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။
Writer: 
အောင်သူငြိမ်း
Powered by Blogger.