သာသနာ့နယ်မြေအတွင်း ချဲထီရောင်းချနေသူအား ဖမ်းဆီးအရေးယူ
***************************************သတင်း ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အေးသာယာရပ်ကွက်အတွင်းရှိ သာသနာ့နယ်မြေနှင့် သာသနာ့ အဆောက်အဦးတစ်ခုအား အသုံးပြု၍ ချဲထီရောင်းချနေသူတစ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း၏ လမ်းညွှန်ချက်များအရ မုံရွာမြို့မရဲစခန်းက စက်တင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ၀င်ရောက်ဖမ်းဆီးကြောင်း မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့်က သတင်းထုတ်ပြန်လိုက်သည်။
သာသနာ့နယ်မြေအား အလွဲသုံး၍ ချဲထီများရောင်းချနေသူဟု စွပ်စွဲခံထားရသူမှာ မုံရွာမြို့ နန္ဒ၀န်ရပ်ကွက်နေ ကိုကျော်ကျော်ဇင် ဆိုသူဖြစ်ပြီး ထိုသူက မုံရွာမြို့ အေးသာယာရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၏ ၀င်းအတွင်းရှိ ကျောင်းဆောင် တစ်ဆောင်အတွင်း ချဲထီများရောင်းချနေခြင်းဖြစ်ရာ မုံရွာမြို့မရဲစခန်းမှ နယ်ထိန်းရဲအရာရှိ ဒုရဲအုပ် ဖြိုးမင်းထိုက်နှင့်အဖွဲ့က ၀င်းရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းရဲစခန်း၏ မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။
ထို့နောက် လောင်းကစားဖမ်းဆီးရေးအဖွဲ့က ဖမ်းဆီးရရှိမိသော လောင်းကစားရာတွင် အသုံးပြုသော ပစ္စည်းများနှင့်အတူ လောင်းကစားသူဟု ယူဆရသူအား တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် ဒုရဲအုပ် ဖြိုးမင်းထိုက်က တရားလိုပြုလုပ်တိုင်တန်းခဲ့သည်။
ယင်း တိုင်တန်းချက်အား မုံရွာမြို့မရဲစခန်းက(ပ) ၁၂၅၄/၂၀၁၆ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်ခဲ့ပြီး ဒုရဲအုပ် စိုးမင်းထွန်းက ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။