နှိပ်စက်ညှဉ်းပန်း ခံရမှုများအတွက် အိမ်အကူ မိန်းကလေး နှစ်ယောက်အား လူ့အခွင့်အရေး ကော်မရှင်က ၀င်ရောက် ညှိနှိုင်းပေးသဖြင့် ကျပ်သိန်း ၅၀ လျော်ကြေးရရှိ

နှိပ်စက်ခံခဲ့ရသည့် အိမ်အကူ မိန်းကလေးငယ်များက ဒဏ်ရာများကို ပြသစဉ်
လက်ဆစ်များရိုက်ချိုးခြင်း၊ မျက်နှာ၊ လည်ပင်းနှင့် လက်များကို ဓား၊ ကတ်ကြေးတို့ဖြင့် မွှန်းခြင်းများပြုလုပ်ကာ ညှဉ်းပန်းနှိပ်စက်ခံရသော အိမ်အကူမိန်းကလေး နှစ်ယောက်အား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ၀င်ရောက်ညှိနှိုင်း ပေးသဖြင့် ကျပ်သိန်း ၅၀ လျော်ကြေးရရှိသွားကြောင်း သိရသည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ အထက်ဘလောက်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသော ၁၇ နှစ်အရွယ် မိန်းကလေးနှင့် ၁၆ နှစ် အရွယ် မိန်းကလေးတို့သည် လက်ဆစ်များ ရိုက်ချိုးခံရခြင်း၊ နှာခေါင်းကို ဓားဖြင့် လှီးဖြတ်ခံရခြင်း စသည့်နှိပ်စက် ညှဉ်းပန်းမှုများ ရှိသည်ဟု သတင်းရရှိသောကြောင့် ကိုဆွေဝင်း ဆိုသူက ကျောက်တံတား ရဲစခန်းတွင် တိုင်ကြားမှုများ ပြုလုပ်ခဲ့သည်။
“ကျွန်တော်က Myanmar Now မှာ သတင်းထောက်ချုပ် လုပ်ပါတယ်။ လွန်ခဲ့တဲ့ လေးလလောက်တုန်းက ကျွန်တော်တို့ သတင်းဌာနက အိမ်အကူတွေ နှိပ်စက်ခံရတဲ့အကြောင်း ဆောင်းပါးရေးပါတယ်။ ဒီဆောင်းပါးရဲ့အောက်မှာ ကွန်မန့်ဝင်ရေးတဲ့သူ တစ်ဦး အင်းဝအပ်ချုပ်ဆိုင်မှာလည်း ဒီလိုနှိပ်စက်မှုတွေ ရှိတယ်ဆိုတဲ့ အတွက်ကြောင့် သတင်းထောက် အနေနဲ့ မဟုတ်ဘဲ သွားရောက်စုံစမ်းတဲ့ အခါမှာ အမှန်တကယ် နှိပ်စက်ခံရတဲ့ သဲလွန်စတွေကို တွေ့ရပါတယ်။ သတင်းပေးသူ ပြောတဲ့အတိုင်းပဲ လက်တွေမှာ ဓားနဲ့အမွှန်း ခံရလို့ ဓားဒဏ်ရာတွေရှိတဲ့ အတွက်ကြောင့် ကလေးမတွေဟာ လက်ရှည်ပဲ ၀တ်တာကို တွေ့ရတယ်။ အဲဒါနဲ့ ကျွန်တော်လည်း ကျောက်တံတား ရဲစခန်းကို လွန်ခဲ့တဲ့ လေးလလောက်တုန်းက သွားတိုင်ထားပါတယ်” ဟု ကိုဆွေဝင်းက ပြောကြားသည်။
ထို့နောက် နှစ်ပတ်ခန့် ကြာသောအခါ ထူးခြားမှု မရှိသောကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားခဲ့ပြီး လူ့အခွင့်အရေး ကော်မရှင်က စက်တင်ဘာ ၁၅ ရက်တွင် ရဲတပ်ဖွဲ့၊ ဆိုင်ပိုင်ရှင်၊ နှိပ်စက်ခံရသည့် အိမ်အကူ မိန်းကလေးများနှင့် မိသားစုများ၊ ကိုဆွေဝင်းတို့အား ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းခဲ့သည်ဟု သိရသည်။
“ကော်မရှင်အဖွဲ့ဝင်တွေပါတယ်။ ကျူးလွန်တဲ့သူ ဆိုင်ပိုင်ရှင် မောင်နှမတွေပါတယ်။ နှိပ်စက်ခံရတဲ့ မိန်းကလေးတွေရယ်၊ အမေတွေ၊ အဒေါ်တွေရယ်ပါတယ်။ ရဲတပ်ဖွဲ့က ဒီအမှုအတွက် ၂၁ မျက်နှာပါ အစီရင်ခံစာကို လူ့အခွင့်အရေး ကော်မရှင်ရှေ့မှာ ဖတ်ပြတယ်။ အဓိက အချက်တွေကတော့ နှိပ်စက်ညှင်းပန်းတယ်။ ကျွန်ပြုထားတယ်။ လုပ်အားခ အနည်းငယ်သာပေးပြီး ခေါင်းပုံဖြတ်တယ် ဆိုတဲ့အကြောင်း အစီရင်ခံတယ်။ ၁၇ နှစ်တစ် ယောက်က လက် ၁၀ ချောင်းလုံး အဆစ်တွေ ချိုးခံရတယ်။ လည်ပင်းနဲ့ လက်မှာ ကတ်ကြေး ဒဏ်ရာတွေရှိတယ်။ မီးခြစ်နဲ့ မီးရှို့ထားတာ တွေရှိတယ်။ ၁၆ နှစ် တစ်ယောက်က နှာခေါင်းကို ဓားနဲ့လှီးထား ခံရတာတွေရှိတယ်။ ဒါက ဒဏ်ရာတွေပေါ့။ သူတို့က ၂၀၁၄ ခုနှစ်ကတည်းက သူတို့ ကလေးတွေ ပျောက်သွားပြီ ဆိုပြီး လမ်း ၄၀ ရပ်ကွက်ရုံးမှာ တိုင်ခဲ့တာ။ အဲဒီကတည်းက အင်းဝအပ်ချုပ်ဆိုင် ပိုင်ရှင်တွေက ဖွက်ထားပြီးတော့ လုပ်ခလည်းမပေးဘဲ ခိုင်းနေတာ။ ဒါကို ကော်မရှင်အဖွဲ့က ညှိနှိုင်းကြပါ ဆိုပြီးပြောတယ်။ နောက်ပြီး မိန်းကလေးတွေက ကော့မှူးမှာနေတော့ တရားစွဲမယ် ဆိုရင်လည်း ရုံးချိန်းတွေလာရမယ့် အကြောင်းတွေ ပြောပါတယ်” ဟု ၎င်းကဆက်လက် ပြောကြားသည်။
ထိုသို့ညှိနှိုင်း ပေးသောအခါ အိမ်အကူ မိန်းကလေး မိသားစုက ၁၇ နှစ်အရွယ် မိန်းကလေးအတွက် ငါးနှစ်စာ လုပ်ခ အပါအ၀င် နှိပ်စက်ညှင်းပန်းခံရမှုများအတွက် သိန်း ၄၀၊ ၁၆ နှစ်အရွယ် မိန်းကလေး၏ လုပ်ခလစာ အပါအ၀င် နှိပ်စက်ညှဉ်းပန်း ခံရမှုများအတွက် ၁၀ သိန်း စုစုပေါင်း သိန်း ၅၀ ဖြင့် လျော်ကြေးရရှိသွားခြင်း ဖြစ်သည်။
“ဒီနေ့မနက်ပဲ ကော်မရှင်မှာ ဒါလေးကို ရှယ်ယာလုပ်ကြတော့ အကြီးကလေးကို သိန်း ၄၀၊ အငယ်ကလေးကို ၁၀ သိန်းနဲ့ သူတို့ပြေလည်သွားတယ်။ ကော်မရှင်က ညှိနှိုင်းပေးလို့ရပါတယ်။ ကြားဝင်စေ့စပ်ညှိနှိုင်းဖျန် ဖြေခြင်းပြုလုပ်လို့ ရပါတယ်။ ကျွန်တော်တို့ အများကြီး လုပ်ပြီးပါပြီ။ ကာယကံရှင်ကို မေးပါတယ်။ တရားစွဲမလား၊ တရားစွဲမယ်ဆိုလည်း စွဲလို့ရတယ်။ သက်သေ အထောက်အထား ရှိနေတာကိုး။ ကာယကံရှင်က ညှိနှိုင်းပေးပါဆိုလို့ ညှိနှိုင်းပေးတာပါ” ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က The Daily Eleven သို့ ပြောကြားသည်။
ယင်းကဲ့သို့ သိုဝှက်ထားမှု၊ အဓမ္မခိုင်းစေမှု၊ ကျွန်ပြုမှု၊ အပြင်းအထန် နာကျင်စေမှုများသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၇၊ ၃၆၈၊ ၃၇၀၊ ၃၇၁၊ ၃၂၅၊ ၃၂၆ တို့နှင့် ငြိစွန်းနေပြီး ထောင်ဒဏ် ခုနစ်နှစ်၊ ၁၀ နှစ်မှ တစ် သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ပေးနိုင်သော ပုဒ်မများဖြစ်ကြောင်း သိရသည်။
Writer: သက်မင်း
http://news-eleven.com/local/25244