မြောင်းမြမြို့နယ်ရှိ သုသာန်မြေနေရာဟောင်းတွင် ဆောက်လုပ်ထားသော ကျောင်းဆောင်သစ်၌ ကျောင်းသား၊ ကျောင်းသူများအား သရဲများ ၀င်ရောက်ပူးကပ်သည်ဟု ဆိုကာ အမိန့်စာများဖြင့် နှင်ထုတ်ခဲ့ရ
မြောင်းမြမြို့နယ် ရှမ်းရေကျော်ကျေးရွာအုပ်စု ရှမ်းရေကျော်ကျေးရွာတွင် ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် ဆောက်လုပ်ထားသည့် မြေနေရာမှာ သုသာန်မြေအတွင်း ပါဝင်နေသောကြောင့် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သရဲများ မကြာခဏ ၀င်ရောက်ပူးကပ်သည်ဟုဆိုကာ ဒေသဆိုင်ရာ အာဏာပိုင်များက သုသာန်အတွင်း နေထိုင်နေကြသော မြင်ရ မမြင်ရသော ပုဂ္ဂိုလ်များအား အမိန့်စာပြန် နှင်ထုတ်ကာ ကျောင်းဧရိယာ နယ်နိမိတ်အား စက်တင်ဘာ ၂၀ရက်က ပြောင်းလဲသတ်မှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ရှမ်းရေကျော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ကျောင်းဆောင်သစ် ဆောက်လုပ်ထားသည့် ကွင်းအမှတ် ၄၂၂၊ မြေကွက်အပိုင် ၇၇၄/၉၉ မှာ ကျေးရွာ သုသာန်မြေအတွင်း ရောက်ရှိနေခဲ့ကြောင်း၊ ယင်းသို့ ကျောင်းဆောင်သစ်မှာ သုသာန်မြေအတွင်းသို့ ကျရောက်နေမှုကြောင့် ကျောင်းဆောင်သစ်တွင် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား နေ့စဉ်လိုလိုပင် သရဲများ ၀င်ရောက်ပူးကပ်သကဲ့သို့ ဖြစ်ပေါ်ခဲ့ပြီး ကလေးငယ်များမှာ ကျောင်းသို့ လာရောက်မတက်ရဲသည်အထိ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အဆိုပါ ကျောင်းဆောင်သစ်နေရာမှာ ကျောင်းဧရိယာနယ်နိမိတ်အဖြစ်သို့ ပြောင်းလဲ သတ်မှတ်၍ သုသာန်မြေနေရာအား ပယ်ဖျက်ကြောင်း၊ ယင်းနေရာတွင် နေထိုင်နေသည့် မြင်ရမမြင်ရသော ပုဂ္ဂိုလ်များအား ကျောင်း၏ နယ်နိမိတ်အတွင်းသို့ ၀င်ရောက်ခြင်းမပြုရန် တားမြစ်လိုက်ကြောင်း၊ သုသာန်မြေနေရာမှာ ယခင်က ၄ ဒသမ ၁၂ ဧကမှ ၃ ဒသမ ၇၆ ဧက သို့ ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
■ မင်းသူဝင်းထွဋ်EMG