အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးငယ် နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ် သတင်းရယူပြီး လူမှုရေး အသိစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သော Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းကို နိုင်ငံတော်သမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မည်
နေပြည်တော်၊ စက်တင်ဘာ ၂၂
အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ မိန်းကလေးငယ် နှစ်ဦးကို ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ် သတင်းရယူပြီး လူမှုရေး အသိစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့သော Myanmar Now သတင်းဌာနမှ သတင်းထောက်ချုပ် ဦးဆွေဝင်းကို နိုင်ငံတော်သမ္မတက ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ ဂုဏ်ပြုမှတ်တမ်းလွှာကို နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပမည်ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးဆွေဝင်း၏ ကိုယ်ရေးအကျဉ်း -
ရန်ကုန်မြို့တွင် မွေးဖွားခဲ့သူတစ်ဦး ဖြစ်သည့် ဆွေဝင်းသည် စာရေးသားခြင်းနှင့် ဂျာနယ်လစ်တစ်ဦး ဘဝကို နှစ်သက်ခုံမင်သူတစ်ဦး ဖြစ်သည်။ သတင်းစာတစ်စောင်အား ကိုယ်ပိုင်ထုတ်ဝေရန် သူ့ရည်မှန်းချက် အကောင်အထည် မပေါ်သေးသော်လည်း ၂ဝဝ၇ ခုနှစ်မှစတင်၍ ဂျာနယ်လစ်တစ်ဦးအဖြစ် အတွေ့အကြုံများကို ရရှိထားသည်။ ရန်ကုန်အခြေစိုက် ပြည်တွင်းစာနယ်ဇင်းများတွင် သတင်းများကို စတင်ရေးသားခဲ့ပြီးနောက် ဧရာဝတီမဂ္ဂဇင်းတွင် အကြီးတန်း သတင်းထောက်တစ်ဦး ဖြစ်လာခဲ့သည်။ လွန်ခဲ့သော နှစ်အနည်းငယ်မှ စတင်၍ နယူးယောက်တိုင်းမ်နှင့် အယ်ဂျားဇီးယားကဲ့သို့ နိုင်ငံတကာ သတင်းစာများနှင့် သတင်းအေဂျင်စီများအတွက် ပြင်ပမှစာမူများ ပေးပို့ခဲ့ရာတွင် မြန်မာနိုင်ငံအတွင်း အဖြစ်အပျက် ပြဿနာများအား နိုင်ငံတကာ စာဖတ်ပရိတ်သတ်များ ဖတ်ရှုနိုင်စေရန် အခြားဂျာနယ်လစ်များနှင့် တင်ဆက်ပုံ မတူသော သတင်းများကို ရေးသားပေးပို့ခဲ့သည်။
(ဦးဆွေဝင်း၏ ကိုယ်ရေးအကျဉ်းကို Myanmar Now ဝက်ဘ်ဆိုက်မှ ပြန်လည်ကူးယူဖော်ပြသည်။)
ဓာတ်ပုံ - Myanmar Now
Ref: The Volice
http://thevoicemyanmar.com/latest-news/2084-mnt