ရတနာပုံတက္ကသိုလ်ပထမနှစ်ကျောင်းသားမောင်းသည့် ကားကြောင့် လူနှစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ
______________________` ´___________________
မန္တလေး၊ အောက်တိုဘာ ၈။
နိုင်လင်းဦး
မန္တလေးမြို့ အမရပူရမြို့နယ် ရတနာပုံတံတား အရှေ့ထိပ် နှာပေါက်ဝအနီးတွင် အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၄ နာရီခန့်က ယာဉ်သုံးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး လူနှစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ သိရသည်။
ဖြစ်စဉ်မှာ ချမ်းအေးသာစံမြို့နယ် ၈၆ လမ်း ၊ ၃၁ လမ်း × ၃၂ လမ်းကြားနေ ရတနာပုံတက္ကသိုလ် ဘူမိဗေဒ ပထမနှစ် ကျောင်းသား မောင်လင်းဖုန်းမြတ်သည် TOYOTA မတ်တူးကားဖြင့် စစ်ကိုင်း မှ မန္တလေးသို့ မောင်းနှင်လာပြီး ၄င်းနှင့် လားရာတူမောင်းနှင်လာသည့် စစ်ကိုင်းမြို့ ညောင်ကုန်းရွာနေ မရွှေစင် မောင်းနှင်လာသော စူပါကပ် အစိမ်းရောင် ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ပဲ တိုက်မိခဲ့သည်။
ထို့နောက် မမွှေးမွှေးမောင်းနှင်လာသော စူပါကပ်ဆိုင်ကယ် နှင့် မခိုင်မာအေး မောင်းနှင်လာသော ဖောလိုးမီ 125 ဆိုင်ကယ်အား ဆင့်တိုက်ခဲ့ပြီး တံတားလုံခြုံရေးဂိတ်အား တိုက်မိရာ အနီး ရပ်ထားသော ရင်ဇင်း 125 ဆိုင်ကယ်အား ထပ်မံတိုက်မိခဲ့ ကြောင်း သိရသည်။
"ကားမောင်းတဲ့ ကျောင်းသားက ယာဉ်မောင်းလိုင်စင်မရှိဘူး။ ဖြစ်ဖြစ်ချင်း ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံပို့ပေးတယ် ။ မရွှေစင် နဲ့ မမွှေးမွှေး က ဆေးရုံရောက်မှ သေသွားတာ ဖြစ်တယ်"ဟု အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည် ။
မောင်လင်းဖုန်းမြတ် မှာ ဝဲဘက်လက်မောင်း ပွန်းပဲ့ ဝဲဂျိုစောင်းပေါက်ပြဲခဲ့သည့်အတွက် မန္တလေးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုယူနေပြီး မခိုင်မာအေးမှာလည်း ယာခြေသလုံးပေါက်ပြဲ ဝဲဂျိုစောင်းပေါက်ပြဲကာ စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
ထို့အပြင် တံတားလုံခြုံရေးဂိတ်မှ ရဲတပ်သား စိုးထွဋ်ဦး နှင့် သီဟ တို့မှာလည်း ဒဏ်ရာအသီးသီးရရှိခဲ့ပြီး မန္တလေးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူနေကြောင်း သိရသည်။
ယင်းယာဉ်တိုက်မှုနှင့် ပတ်သတ်၍ မောင်လင်းဖုန်းမြတ်အား ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇/၃၃၈ တို့ဖြင့် အမရပူရမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) က သိရသည်။
#CentralNewsMyanmar
#MandalayNews
photo-သံဝေဂညာန လူမှု့ကူညီရေးအသင်း
via-Ye Hrut Gyi
