ကိုးနှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညီအစ်ကိုနှစ်ဦးက ညစ်ညမ်းဇာတ်ကား ပြသပြီး အဓမ္မပြုကျင့်သည့် အမှုမှ ၁၅ နှစ်အရွယ် ညီဖြစ်သူအား သုံးနှစ်အတွင်း ကလေးသူငယ် ကြီးကြပ်သူ၏ စီမံကြီးကြပ်မှုကို ခံယူစေရန် ဒဂုံမြို့နယ် ကလေးသူငယ် တရားရုံးက အမိန့်ချမှတ်

---------------------------------------------------------------

ကိုးနှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညီအစ်ကိုနှစ်ဦးက ညစ်ညမ်းဇာတ်ကား ပြသပြီး အဓမ္မပြုကျင့်သည့် အမှုမှ ၁၅ နှစ်အရွယ် ညီဖြစ်သူအား သုံးနှစ်အတွင်း ကလေးသူငယ် ကြီးကြပ်သူ၏ စီမံကြီးကြပ်မှုကို ခံယူစေရန် ဒဂုံမြို့နယ် ကလေးသူငယ် တရားရုံးက အောက်တိုဘာ ၇ ရက်တွင် ကလေးသူငယ် ဥပဒေပုဒ်မ ၄၇ (ဂ) ဖြင့် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။


၂၀၁၅ ခုနှစ် နိုဝင်ဘာလ အတွင်းက ဒဂုံမြို့နယ် ပြည်လမ်းအရှေ့ရပ်ကွက် ပြည်ထောင်စုရိပ်သာဝင်းရှိ နေအိမ်တစ်အိမ်တွင် ဖြစ်ပွားခဲ့သည့် ယင်းအမှုတွင် အိမ်ရှင်၏ သားနှစ်ဦးက ကိုးနှစ်အရွယ် အိမ်အကူ မိန်းကလေးကို ညစ်ညမ်းဇာတ်ကားများ ပြသပြီး အဓမ္မ ပြုကျင့်ခဲ့သည့်အတွက် ဒီဇင်ဘာ ၂၃ ရက်တွင် ဒဂုံမြို့မ ရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်း ဖြစ်ပြီး ညီအစ်ကိုနှစ်ဦးအနက် ၁၅ နှစ်အရွယ် မောင် .... ကို ၃၇၆/၅၁၁ ဖြင့် ကလေးသူငယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။


အဆိုပါ အမှုကို ကိုးလကျော်ကြာ စစ်ဆေးခဲ့ပြီးနောက် မောင်.... (၁၅ နှစ်) မှာ ပြစ်မှုထင်ရှားသဖြင့် ဒဂုံမြို့နယ် ကလေးသူငယ် တရားသူကြီးက ကလေးသူငယ် ဥပဒေပုဒ်မ ၄၇ (ဂ) အရ သုံးနှစ်အတွင်း ကလေးသူငယ် ကြီးကြပ်သူ၏ ကြီးကြပ်စီမံမှုကို ခံယူစေရန် အမိန့်ကိုသာ ချမှတ်ခဲ့ခြင်းဖြစ်သည်။


တရားလိုဘက်မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက “ဒီအမှုက ထင်ရှားတဲ့အတွက် ကလေးသူငယ် ဥပဒေပုဒ်မ ၄၇ (ဂ) အရ ကလေးသူငယ် ကြီးကြပ်သူရဲ့ ကြီးကြပ်စီမံမှုကို သုံးနှစ်ခံယူဖို့ အမိန့်ချတယ်။ လိုအပ်ရင် လိုအပ်သလို လက်မှတ်သွားထိုးရမယ်ပေါ့။ အိမ်မှာပဲနေပြီး ကြီးကြပ်မှုကို ခံယူရမယ့် သဘောပါပဲ။ တကယ်ဆိုရင် စာရိတ္တပိုင်း ပြုပြင်ဖို့အတွက် လူငယ်ပြုပြင်ထိန်းသိမ်းရေး တစ်ခုခုကို ပို့တဲ့ ပြစ်ဒဏ်လောက်တော့ ချမှတ်သင့်ပါတယ်” ဟု ပြောကြားသည်။


ကလေးသူငယ် ဥပဒေပုဒ်မ ၄၇ (ဂ)တွင် “ကလေးသူငယ် တရားရုံးသည် ထောင်ဒဏ် ချမှတ်ခြင်း မပြုသင့်သော ကလေးသူငယ်နှင့် စပ်လျဉ်း၍ သုံးနှစ်ထက် မပိုသော ကာလအတွင်း ကလေးသူငယ် ကြီးကြပ်သူ၏ ကြီးကြပ် စီမံခြင်းကို ခံယူစေနိုင်သည်” ဟု ပြဋ္ဌာန်းထားသည်။


အမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီခန့်က လှိုင်မြို့နယ်နေ ရတနာမေတ္တာ ကလေးသူငယ် စောင့်ရှောက်ရေး အဖွဲ့မှ ဘဏ္ဍာရေးမှူး ဒေါ်.... သည် ဗဟန်းတောရကျောင်းရှိ သီလရှင်တစ်ပါးမှ ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း သိရသည်။


ထိုသို့ သွားရောက်ရာ ပဲခူးမြို့ ဘုရားကြီး ကျွန်းတောရွာမှ ခေါ်ယူစောင့်ရှောက်ထားပြီး ဒဂုံမြို့နယ် ပြည်လမ်း အရှေ့ရပ်ကွက် ပြည်ထောင်စုရိပ်သာဝင်းရှိ နေအိမ်တစ်အိမ်တွင် အလုပ်လုပ်နေသော မ ....(၉ နှစ်) မှာ နှိပ်စက်ခံထားရကြောင်းနှင့် သားမယားပြုကျင့် ခံထားရသည့် လက္ခဏာများ တွေ့ရှိရသည်ဟု သီလရှင်က ပြောပြခဲ့ကြောင်း သိရသည်။


ထို့ပြင် အဆိုပါ သီလရှင်မှ မ.....(၉ နှစ်) အား ဗဟန်းမြို့နယ်ရှိ ဆေးခန်းတစ်ခုတွင် သွားရောက်ပြသရာ ဆရာဝန်က မ ....မှာ သားမယားပြုကျင့် ခံထားရသည့် လက္ခဏာများ တွေ့ရကြောင်း ထပ်မံပြောပြသဖြင့် ဒေါ်.... က မ.....(၉ နှစ်) အား စောင့်ရှောက်ရေးအဖွဲ့ ရုံးခန်းသို့ ခေါ်ယူမေးမြန်းရာ နိုဝင်ဘာလအတွင်း ၎င်းအိမ်အကူ လုပ်နေသည့် အိမ်ပိုင်ရှင်၏ သားများဖြစ်သည့် ကိုရဲထက် (၂၀ နှစ်) နှင့် ၎င်း၏ ညီဖြစ်သူ မောင် .... (၁၅ နှစ်) က ၎င်းအား ညစ်ညမ်းဇာတ်ကားများ ပြသပြီး သားမယား ပြုကျင့်ခဲ့သည်ဟု ပြောပြသဖြင့် ဒဂုံမြို့မ ရဲစခန်းတွင် (ပ) ၂၆၀/၁၅၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ အမှုတွင် ပါဝင်သည့် အကိုဖြစ်သူ ရဲထက်အား အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆၊ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ညစ်ညမ်းသည့် အရာဝတ္ထုများ ပြသမှု ပုဒ်မ ၂၉၃ တို့ဖြင့် အနောက်ပိုင်းခရိုင် တရားရုံးတွင် စွဲချက်တင်ထားပြီး စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။


ထို့ပြင် အမှုနှင့် ပတ်သက်၍ ၎င်း၏ ဖခင်ဖြစ်သူကိုလည်း မ .... (၉ နှစ်) အား နှိပ်စက်ခဲ့သဖြင့် နာကျင်စေမှုပုဒ်မ ၃၂၃ ဖြင့် စွဲချက်တင်ထားပြီး စစ်ဆေးနေကြောင်း သိရသည်။

Writer: 

ဉာဏ်ဝင်းရှိန် Eleven Media Group

Powered by Blogger.