ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ မြ၀တီ ၉၉၉ ဂိတ်ဟောင်းတွင် တစ်ဦး ဘတ် ၁၇၀၀ ဖြင့် ရွေးနေရ၍ များစွာ အခက်ကြုံ


================================

ထိုင်းနိုင်ငံအတွင်း ထိုင်းစစ်အစိုးရ ဦးဆောင်မှုဖြင့် မြန်မာ အပါအ၀င် နိုင်ငံခြား အလုပ်သမားများအား ဇူလိုင် (၂၇) ရက်နေ့မှ ဖမ်းဆီးလျက်ရှိပြီး အဖမ်းဆီးခံ မြန်မာနိုင်ငံသားများအား နေရပ်ရင်းသို့ ပြန်ပို့ရာတွင် မြ၀တီ (၉၉၉) ဂိတ်ဟောင်း၌ တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၇၀၀)ပါ ပေးဆောင်နေရ၍ များစွာ အခက်ကြုံနေရကြောင်း သိရသည်။

ယခုကဲ့သို့ ထိုင်းစစ်တပ်၏ ဦးဆောင် ဖမ်းဆီးမှုများကြောင့် ဖမ်းဆီးခံ မြန်မာရွှေ့ပြောင်း လုပ်သားများအား နေရပ်ရင်း မြန်မာနိုင်ငံသို့ ပြန်ပို့လျက်ရှိရာ ဇူလိုင်(၃၀) ရက်နေ့က (၇၀၀) ခန့်၊ ဇူလိုင် (၃၁) ရက်နေ့က (၄၀၀) ခန့် ပြန်ပို့ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသည့် ဖမ်းဆီးခံ မြန်မာနိုင်ငံသားများ အနက် မဲဆောက် လုပ်ငန်းခွင်မှ ဖမ်းဆီခံရသူများ အနေဖြင့် မြ၀တီဂိတ်တွင် ငွေပေးဆောင်ရခြင်း မရှိသော်လည်း ဘန်ကောက်မှ ဖမ်းဆီးခံရ၍ ပြန်ပို့ခံရသူများမှာ ထိုင်းဘတ်ငွေ(၁၇၀၀) မဖြစ်မနေ ပေးနေကြရသည်ဟု ဆိုသည်။

ဇူလိုင် (၃၀) ရက်နေ့က ဘန်ကောက်မြို့ အနီးနှင့် နိုင်ငံအ၀န်းမှ ဖမ်းဆီးရမိသော မြန်မာရွှေ့ ပြောင်းလုပ်သား ၇၀၀ ခန့်အား အချုပ်ကား(၁၁) စီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှ ထိုင်းမြန်မာ-နယ်စပ် မဲဆောက်မြို့ရှိ လ၀ကရုံးသို့ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်း။ မဲဆောက် လ၀ကရုံးတွင် မြန်မာ လုပ်သားများ၏ လက်ဗွေရာနှင့် ဓာတ်ပုံ မှတ်တမ်းများ ရယူကာ မဲဆောက်၊ တပ်မအံကျေးရွာ (၁၀)ဂိတ်သို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် မြ၀တီမြို့ အမှတ်(၅)ရပ်ကွက် (၉၉၉)ဂိတ်ဟောင်းသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Writer: ကိုရွှေသိန်း (မြဝတီ)

Eleven Media Group
Powered by Blogger.