ဗီဒီယို အကြိုခံစားခြင်း စနိုက်ကြော်မ

- ဒီနေ့ရဲ့ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အိမ်ထောင်ရေးဇာတ်ကားလေးတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။

ထက်အောင်ဇော်နဲ့ ဒီဒီကျော်တို့ လင်မယားနှစ်ယောက်ဟာ ထက်အောင်ဇော်ရည်းစားဟောင်းနဲ့ပတ်သက်ပြီး ပြဿနာဖြစ်ကြပါတယ်။ ထက်အောင်ဇော် ဘက်က သူ့ရဲ့ ရည်းစားဟောင်းနဲ့ ရိုးရိုးသားသားတွေ့တာလို့ ရှင်းပြပေမယ့် ဒီဒီကျော်က တစ်ချိန်လုံး စွပ်စွဲနေတာကြောင့် နောက်ဆုံးမှာတော့ ကွာရှင်းတဲ့အဆင့်အထိ ရောက်ခဲ့ပါတယ်။ အဲဒါကြောင့်သူတို့အိမ်တွေကို အသီးသီးပြန်နေခဲ့ကြပါတယ်။

ဒီဒီကျော်တို့ လင်မယားကွဲတာကိုဝမ်းသာတဲ့ လူတစ်ယောက်တော့ရှိပါတယ်။ အဲဒါကတော့ ဒီဒီကျော်ရဲ့အမေရဲ့ ပြိုင်ဘက်နှင်းဆီဂွတိုပါ။ နှင်းဆီဂွတိုက ဒီဒီကျော်ရဲ့ အမေနဲ့က ရည်းစားလုဖက်တွေပါ။ အဲဒါကြောင့် ဝမ်းသာနေတာပါ။ နောက်ပြီး ဒီဒီကျော်ရဲ့ယောက်ျားကိုချဉ်းကပ်ဖို့အထိ စဉ်းစားခဲ့ပါတယ်။

ထက်အောင်ဇော်နဲ့ ဒီဒီကျော်တို့က တကယ်အပြင်ပန်းမှာသာ စိတ်ပျက်သလိုနေကြပေမယ့် တွေ့တိုင်းတော့ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်းစောင်းသလိုမြောင်းသလို ပြောလေ့ရှိပါတယ်။ နောက်ပြီးတစ်ကြိမ်မှာတော့ သူတို့တစ်ယောက်နဲ့ တစ်ယောက်မခံနိုင်အောင် ပြောကြရင်း စိန်ခေါ်ကြပါတယ်။ အဲဒါကတော့တစ်ယောက်နဲ့ တစ်ယောက် သူတို့ထက်သာတဲ့ သူတွေရှာပြမယ်ဆိုပြီး ပြောခဲ့ကြတာပါ။ အဲဒီလိုနဲ့တစ်ရက်မှာတော့ ထက်အောင်ဇော်နဲ့ နှင်းဆီဂွတိုတို့ ကလပ်မှာတွေ့ခဲ့ကြပါတယ်။ ထက်အောင်ဇော်က နှင်းဆီဂွတိုနဲ့ တွေ့တွေ့ချင်း အသက်ကွာနေတာကြောင့် မသိသလိုဆက်ဆံပေမယ့် ကလပ်ထဲမှာ ဒီဒီကျော်ကိုတွေ့ခဲ့တာကြောင့် နှင်းဆီဂွတိုနဲ့ တွဲပြီးကခဲ့ပါတယ်။ အဲဒီလိုကနေတာကို ဒီဒီကျော်မြင်တဲ့ အချိန်မှာတော့ ဒေါသထွက်ပြီး ထက်အောင်ဇော်နဲ့ တွဲကနေတဲ့ နှင်းဆီဂွတိုခေါင်းကို ပုလင်းနဲ့ ရိုက်ခွဲခဲ့ပါတယ်။

ဒီဒီကျော်အမေကတော့ သူ့သမက်ကို သူ့သမီးနဲ့ကိစ္စအတွက်သွားပြီး တွေ့ခဲ့ပါတယ်။ အဆင်ပြေရင် ပြန်ပေါင်းဖို့အတွက် သွားပြောတာပါ။ အဲဒီလိုသွားပြော ခဲ့ပေမယ့် ထက်အောင်ဇော်ကတော့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောခဲ့ပါတယ်။

အဲဒီလိုနဲ့ ထက်အောင်ဇော်က သူ့ကိုလိုက်ပို့ပေးဖို့ ကားနားကိုလာတဲ့အချိန်မှာ နှင်းဆီဂွ တိုနဲ့ တွေ့ခဲ့ပါတယ်။ အဲဒီအချိန် မှာတော့ ဒီဒီကျော်ရဲ့ အမေက စိတ်ပူသွားခဲ့ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ နှင်းဆီဂွတိုက သူ့ သမက်ကို လိုက်လိုက်လျောလျောဆက်ဆံနေတာကြောင့်ပါ။

အဲဒါကြောင့် သူ့သမီးကို လည်း ပြန်ရောက်တဲ့အချိန်မှာသူ့ ယောက်ျားနဲ့ ပြန်ပေါင်းဖို့ပြောခဲ့ပါ တယ်။ ဒါပေမဲ့လည်းသူ့ သမီး ကတော့ ငြင်းမြဲငြင်းဆဲပါပဲ။ အဲဒါကြောင့် နှင်းဆီဂွတိုကို သွားတွေ့ပြီးသတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ထက်အောင်ဇော်နဲ့ သူ့သမီး က ဘာမှမဆိုင်တော့တာကြောင့် နှင်းဆီဂွတို လှောင်တာကိုပဲ ခံခဲ့ ရပါတယ်။

အဲဒီ နောက်ပိုင်းမှာလည်း နှင်းဆီဂွတိုက ထက်အောင်ဇော်နဲ့ ပိုပြီးနီးစပ်အောင်ကြိုးစားခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ် ယောက် မုန်းနေတာမဟုတ်ပေမယ့် လင်မယားကွဲတဲ့အထိဖြစ်ခဲ့ ရတဲ့ ထက်အောင်ဇော်နဲ့ ဒီဒီကျော်တို့နှစ်ယောက်ရဲ့ဇာတ်လမ်း ဘာ တွေ ဆက်ဖြစ်မလဲ။

နှင်းဆီဂွတိုကကော ထက်အောင်ဇော်ကို တကယ်ယူနိုင်မလားဆိုတာကတော့ အောင်သီရိထုတ်လုပ်ရေးက ဖြန့်ချိပေးထားတဲ့ စနိုက်ကြော်မဆိုတဲ့ ဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ထက်အောင်ဇော်အဖြစ် ညီထွဋ်ခေါင်၊ ဒီဒီကျော်အဖြစ် သွန်းဆက်နဲ့ နှင်းဆီဂွတို အဖြစ် တက္ကသိုလ်ဂွမ်းပုံတို့က ပါဝင်သရုပ်ဆောင်ထားပြီး ရာဇဝင်ကိုရဲ့ ဇာတ်လမ်းဇာတ်ညွှန်း ကို ဒါရိုက်တာသားကြီးက ရိုက် ကူးပုံဖော်ထားပါတယ်။

Source & Photos : 7DayDaily 

http://www.7daydaily.com/story/74652

Powered by Blogger.