ရုပ်ရှင်သရုပ်ဆောင် မေသန်းနု လိမ်လည်မှုဖြင့် အမှုဖွင့်ခံရ

ငွေကျပ် သိန်း ၄၀၀ လိမ်လည်မှုဖြင့် အကယ်ဒမီ မေသန်းနုကို ကမာရွတ်မြို့နယ်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက စက်တင်ဘာလ ၈ ရက်နေ့တွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကင်းမြို့နယ် ရဲမှူး မြင့်အောင်က ပြောကြားသည်။ 

“စရံငွေ သိန်းလေးရာပေးပြီး မေသန်းနုဆီက တိုက်ခန်းဝယ်တဲ့ အမျိုးသမီးက သူ့ငွေတွေ ပြန်မရလို့ ရဲစခန်းမှာ လာအမှုဖွင့်ထားတာပါ။ တိုင်ကြားချက် မှန်မမှန် လတ်တလော စုံစမ်း စစ်ဆေးနေဆဲပါ” ဟု ၎င်းက ပြောကြားသည်။ 

အမှုဖွင့် တိုင်ကြားသူမှာ ကမာရွတ်မြို့နယ်တွင် နေထိုင်သော ဒေါ်စန်းစန်းမြင့်ဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ၎င်းက ရုပ်ရှင်သရုပ်ဆောင် ဒေါ်သန်းသန်းဆင့် (ခ) မေသန်းနုထံမှ ခြောက်လွှာ တိုက်ခန်းတစ်ခန်းကို ဝယ်ယူရန် စရံငွေကျပ် သိန်း ၄၀၀ ကို သက်သေများရှေ့ စာချုပ်ချုပ်ဆို ပေးအပ်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ စုံစမ်းသိရှိရသည်။ 

စရံငွေပေး၍ ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူခဲ့သည့် တိုက်ခန်းမှာ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ မြေကွက်တစ်ကွက်ဖြစ်ပြီး ယင်းမြေနေရာတွင် သရုပ်ဆောင် မေသန်းနုက ကန်ထရိုက်အဖြစ် ရှစ်ထပ်တိုက် ဆောက်လုပ်ခွင့် ရရှိထားကြောင်း ပြောဆိုခဲ့ပြီး ယခုနှစ် နှစ်ဆန်းပိုင်းမှ ယင်းအဆောက်အအုံ၏ ကန်ထရိုက်မှာ အခြားသူ ဖြစ်နေကြောင်း စုံစမ်းသိရှိရသဖြင့် စရံငွေ ပြန်ပေးရန် တောင်းဆိုခဲ့ရာ ပြန်လည်မပေးသည့် အတွက် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပတ်သတ်၍ သရုပ်ဆောင် အကယ်ဒမီ မေသန်းနုထံ ဆက်သွယ်မေးမြန်းရာ မိမိအပေါ် အမှုဖွင့်ထားခြင်းကို ယခု The Voice မေးမြန်းသည့် အချိန်မှ စတင်သိရှိကြောင်း၊ ရန်ကင်းမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့် တိုင်ကြားခံရမှုကို ရဲစခန်းမှ ယခုအချိန် စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ လာရောက်အသိပေးခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

သရုပ်ဆောင် မေသန်းနုနှင့် ၎င်းကို တရားလိုပြု အမှုဖွင့်တိုင်ကြားသည့် အမျိုးသမီးတို့မှာ ယခင်က စီးပွားရေးလုပ်ငန်း အချို့ အတူတကွ လုပ်ကိုင်ခဲ့ရာ ယခင်တစ်ကြိမ်ကလည်း သရုပ်ဆောင် မေသန်းနုကို အမှုဖွင့် တိုင်ကြားခဲ့ဖူးသော်လည်း အမှုရှုံးနိမ့်ခဲ့ပြီး ယခုတစ်ကြိမ် ထပ်မံအမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မေသန်းနုက ပြောကြားသည်။

“ကန်ထရိုက်တိုက် ဆောက်လုပ်ခွင့် ကျွန်မ ရထားပြီး အသိမိတ်ဆွေ တစ်ယောက်ကို လုပ်ငန်းလွှဲအပ်ထားတာ။ ၂၀၁၄ ခုနှစ်ထဲက ပေးခဲ့တဲ့ စရံငွေကို ပြန်မရလို့ဆိုပြီး အခုမှ ဘာကြောင့် အမှုဖွင့် တိုင်ကြားရတာလဲ။ ဒါ ကျွန်မ ဂုဏ်သိက္ခာကျအောင် လီဆည်တိုင်ကြားတာပါ” ဟု ၎င်းက ရှင်းပြသည်။

(ပုံစာ - မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့က ပြုလုပ်သော မြန်မာ ရုပ်ရှင်နေ့ ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာသော အကယ်ဒမီ မေသန်းနု )

Credit: The Voice

 http://thevoicemyanmar.com/latest-news/1668-mtn

Powered by Blogger.