ငမိုးရိပ်ချောင်းမှာ အမြန်ရေယာဉ်ငယ်တွေ ပြေးဆွဲတော့မယ်


=============

အမြန်ရေယာဉ်ငယ်တွေ ပြေးဆွဲမည့် ငမိုးရိပ်ချောင်းပိုင်းတစ်နေရာကို တွေရစဉ်။
 
လှိုင်မြစ်နဲ့ ငမိုးရိပ်ချောင်းတွေမှာ ရန်ကုန်မြို့တွင်း ရေကြောင်းသယ်ပို့ဆောင်ရေးအတွက် အမြန်ရေယာဉ်ငယ်တွေကို ပြေးဆွဲဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လောလောဆယ်မှာတော့ လှိုင်မြစ်နဲ့ ငမိုးရိပ်ချောင်းတွေမှာ အမြန်ရေယာဉ်ငယ်တွေပြေးဆွဲဖို့ လမ်းကြောင်းရေးဆွဲတာတွေနဲ့ ဖြစ်နိုင်ခြေ တွက်ချက်တာတွေ ပြီးစီးသွားလို့ လာမယ့် အောက်တိုဘာလမှာ စတင်ပြေးဆွဲနိုင်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။

‘‘လမ်းကြောင်းဆွဲတာတွေ၊ တွက်ချက်တာတွေကတော့ ပြီးနေပြီ။ ဆိပ်ကမ်းတွေ ဆောက်ဖို့နဲ့ ဘတ်စ်ကားနဲ့ ချိတ်ဆက်မယ့် လမ်းကြောင်းတွေ စီစဉ်ဆောင် ရွက်နေတယ်’’လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။
ရေယာဉ်ငယ်တွေပြေးဆွဲမယ့် မြစ်၊ ချောင်းတွေရဲ့ရေစူးမှတ်တွေကို တွက်ချက်ပြီး ရေစူးမှတ်မြင့်တဲ့ လှိုင်မြစ်မှာ လူသုံးဆယ်ကနေ ငါးဆယ်ကြားစီးနိုင်မယ့် အမြန်ရေယာဉ်တွေနဲ့ ရေစူးမှတ်နိမ့်တဲ့ ငမိုးရိပ်ချောင်းမှာ လူ ၂၀ ကနေ ၃၀ ဦးကြားစီးနိုင်မယ့် အမြန်ရေယာဉ်တွေ ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။
ဆိပ်ကမ်းတွေတည်ဆောက်တာနဲ့ ဆိပ်ကမ်းနဲ့ချိတ်ဆက်မယ့် ဘတ်စ်ကားလိုင်းတွေကို တင်ဒါစနစ်နဲ့ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပကုမ္ပဏီတွေအားလုံးကို တင်ဒါခေါ်ယူသွားမယ်လို့ သိရပါတယ်။

Source : 7DayDaily
Powered by Blogger.