ရွှေတိဂုံအရှေ့ဘက်စောင်းတန်းရှိ နိဗ္ဗာန် ဆိုင် တွင် ဘာသာခြားထံမှ ပစ္စည်းယူရောင်းသည်ဟုဆိုကာ အချင်းဖြစ်ပွား
---------------------------------------------
ရန်ကုန်၊ ဇူလိုင် ၂၀
ရွှေတိဂုံစေတီတော် အရှေ့ဘက်စောင်းတန်းအတွင်း ဘာသာခြားပစ္စည်းယူရောင်းသည်ဟုဆိုသော နိဗ္ဗာန်ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်နှင့် မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့မှဟုဆိုသည့် သံဃာအချို့ပြဿနာဖြစ်ခဲ့ကြောင်း ရွှေတိဂုံစေတီဂေါပကအဖွဲ့နှင့်မျက်မြင်များက ပြောကြားသည်။
ဇူလိုင်လ ၂၀ရက် မွန်းလွဲ ၃ နာရီ ၂၅ မိနစ်က အရှေ့ဘက်စောင်းတန်းရှိ အောင်ဇဗ္ဗူနိဗ္ဗာန်ပစ္စည်းဆိုင်ပိုင်ရှင် ဒေါ်စန္ဒာသည် ဘာသာခြားထံမှ ဗုဒ္ဓဆင်းတုတော် ဝယ်ယူရောင်းချသည်ဟုဆိုကာ သံဃာတော်ရှစ်ပါးခန့်က ထိုသို့ ဝယ်ယူရောင်းချနေသည်ကို သိရှိလို၍လာရောက် စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ရွှေတိဂုံစေတီတော် လုံခြုံ/ မီးသတ်ဌာန၏ ဂေါပကရုံးသို့ ပေးပို့သည့် ရုံးတွင်းစာအရ သိရသည်။
ပုံမှန်ဖောက်သည်တစ်ဦးက အဆိုပါဆင်းတုတော်များကို အမြဲပို့နေခြင်းဖြစ်၍ ဝယ်ယူကာ တစ်ဆင့်ပြန်လည် ရောင်းချခြင်းဖြစ်ကြောင်းကို ဒေါ်စန္ဒာက သံဃာများထံ ပြန်လည်လျှောက်တင်ခဲ့ကြောင်း၊ ယင်းအချိန်တွင် ဈေး တာဝန်ခံ ဦးသန်းထွန်းက ထိုကိစ္စကို ဖြေရှင်းလိုလျှင် ဂေါပကရုံးသို့ သွားသင့်သည်ဟု အကြံပြုခဲ့ကြောင်း ရုံးတွင်း စာတွင် ဖော်ပြထားသည်။
သံဃာများက ဦးသန်းထွန်းအကြံပြုချက်အပေါ် လက်မခံဘဲ ဆိုင်တွင်းရှိ ပစ္စည်းများကို ဝင်ရောက် ဆွဲယမ်းကိုင် တွယ်စဉ် အလယ်ပစ္စယာတပ်ခွဲမှ တာဝန်မှူး ဦးကြည်ဆန်းက ဂေါပကအဖွဲ့ရုံးသို့ သွားရောက်ဖြေရှင်းမှ အဆင် ပြေမည်ဟု သံဃာတော်များကို ထပ်မံလျှောက်ထားရာ သံဃာတော်များက သဘောတူသောကြောင့် တာဝန်မှူး ရုံးခန်းသို့ ပင့်ဆောင်လာပြီး ရုံးအဖွဲ့မှူးနှင့်တွေ့ဆုံခဲ့ကြောင်း ရုံးတွင်းစာအရ သိရသည်။
“ဒါကအုပ်ချုပ်ရေးပိုင်းတွေကလုပ်ရမယ့် ကိစ္စဆိုတော့ ဒီလိုလုပ်တာတော့ မကောင်းဘူးပေါ့။ သူတို့ဖြစ်ချင်တာကို ကျွန်တော်တို့ကိုပြောရင် ကျွန်တော်တို့က တင်ပြဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောဆိုသည်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးက သံဃာတော်များကို အရှင်ဘုရားတို့ ဖြစ်စေချင်သည့် အကြောင်းအရာများကို စာဖြင့် ရေးတင်ပါက ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း၊ သီတင်းသုံးသည့် လိပ်စာအပြည့်အစုံဖြင့် တင်ပြသွားရန် လျှောက်ထားခဲ့ကြောင်း ဂေါပကအဖွဲ့ရုံးထံမှ သိရသည်။
“မျိုးချစ်မြန်မာရဟန်းတော်များအဖွဲ့က သံဃာတွေက ဒီဆိုင်ကိုအချိန်ယူပြီး သေချာစောင့်ကြည့်နေတဲ့ သဘောရှိပါတယ်။ ဆိုင်ရှင်နဲ့ ရုန်းရင်းဆန်ခတ် ပြဿနာဖြစ်တာတော့ မရှိပါဘူး၊ ဆိုင်အနှံ့ ဓာတ်ပုံတွေ ရိုက်သွားကြပါတယ်”ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦးကဆိုသည်။
ရွှေတိဂုံစေတီတော် အောက်ပစ္စယာအရှေ့ဘက်စောင်းတန်း၊ ဆိုင်အမှတ်(၁၀၈)တွင် ရောင်းချလျက်ရှိသည့်ပိုင်ရှင်ဖြစ်သူ အမျိုးသမီးသည် နိဗ္ဗာန်ပစ္စည်းရောင်းချခြင်းလုပ်ငန်းကို နှစ်ပေါင်း ၃၀ ကျော် ရောင်းချသူ တစ်ဦးဖြစ် ကြောင်း အနီးဝန်းကျင်ဆိုင်ခန်းများမှ ရောင်းချသူများက ပြောကြားသည်။
The Voice