ဂျပန် မသန်စွမ်းဂေဟာထဲ လူတဦး ဓားဖြင့် ၀င်ရောက်တိုက်ခိုက်၊ ၁၉ ဦး သေဆုံး


****************************************

ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနောက်ဘက် ဆာဂါမီဟားရားမြို့မှ မသန်စွမ်း ပြုစုစောင့်ရှောက်ရေး ဂဟာတခုထဲမှာ ဒီကနေ့မနက် အစောပိုင်းက လူတဦး ဓားကိုင်ပြီး ၀င်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပါတယ်။

မနက်အစောပိုင်း ၂ နာရီခွဲလောက်မှာ ဆူကူရီလီလီဥယျာဉ် အမည်ရ အဆိုပါ ဂေဟာဝင်းထဲမှာ ဓားကိုင်လူတဦးကို တွေ့ရှိခဲ့ပြီး ဆိုးဆိုးဝါးဝါး အခြေအနေတခုနဲ့ ရင်ဆိုင်နေရတယ်လို့ ၀န်ထမ်းတဦးက ရဲတွေဆီ ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။

အချိန် ၂ နာရီလောက် အကြာမှာတော့ တရားခံအမျိုးသားဟာ ဓားကို ကားတွင်းမှာထားခဲ့ကာ ရဲစခန်းဆီ လာရောက်အဖမ်းခံခဲ့ပြီး ကမ္ဘာကြီးမှာ မသန်စွမ်းတွေ မရှိစေချင်ဘူးလို့ ဖြေခဲ့ကြောင်း ဆိုပါတယ်။

အသက် ၂၆ နှစ်အရွယ် ဆာတိုရှီ အိမတ်ဆု အမည်ရ တရားခံအမျိုးသားဟာ အဲဒီနေ့ မနက် ၂ နာရီ ၁၀ မိနစ်လောက်မှာ ဂေဟာရဲ့ ပြတင်းတံခါးကို ချိုးဖျက်ပြီး ၀င်ရောက်ခဲ့တာဖြစ်တယ်လို့ ဒေသတွင်း အစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

ဒေသတွင်း ကျန်းမာရေးနဲ့ ပြုစုစောင့်ရှောက်ရေးဌာနမှ တာဝန်ရှိသူ ရှင်ညာဆာ ကုမာက အဆိုပါအမျိုးသားဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မတိုင်ခင်ထိ ဂေဟာတွင်း အလုပ်လုပ်ခဲ့သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။

ရဲတွေက သေဆုံးထိခိုက်ဒဏ်ရာ ရရှိသူတွေကို အတိအကျ မသိနိုင်သေးဘူးလို့ ပြောပေမယ့် အခင်းဖြစ်ရာနေရာမှာ လူ ၁၉ ဦး သေဆုံးခဲ့ကာ ဒဏ်ရာရသူဦးရေ ၂၀ ကနေ ၄၅ ဦးထိ ရှိနိုင်တယ်လို့ ဆာဂါမီဟားရားမြို့တော် မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ဂျပန်နိုင်ငံရဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် ခုလို အစုလိုက်အပြုံလိုက် သေဆုံးမှုမျိုးဟာ ရှားတောင့်ရှားပါး ဆယ်စုနှစ်တွေအတွင်း အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် အသတ်ခံရမှု ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်က အိုဆာကာမြို့မှာ ကျောင်းတကျောင်းရဲ့ တံခါးစောင့် တာဝန်ယူဖူးသူက ကျောင်းထဲဝင်ပြီး ဓားနဲ့ထိုးလို့ ကလေး ၈ ဦး သေဆုံးခဲ့ဖူးပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း လော်ရီကားမောင်းသူတဦးဟာ လူအုပ်ထဲ ဖြတ်မောင်းမိခဲ့လို့ လူ ၇ ဦး သေဆုံးခဲ့ဖူးပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ ရထားဘူတာအပြင်ဘက် အများသုံး ဘတ်စ်ကား ၂ စီးပေါ်က ခရီးသည်တွေကို အလုပ်လက်မဲ့တဦးက ဓားနဲ့ထိုးကာ ရိုက်နှက်ခဲ့လို့ ၁၄ ဦးလောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးပါတယ်။

DVB

Photo - Reuters
Powered by Blogger.