တူရကီနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း လိုက်ပြီဖြစ်ကြောင်း သောကြာနေ့ မှာ ကြေညာလိုက်ပါတယ်
ဒါပေမဲ့ ဝန်ကြီးချုပ်ကတော့ ဒါဟာ တရားမဝင် လုပ်ရပ်လို့ ပြောဆိုခဲ့တာပါ။ အခြေအနေရှုတ်ထွေးနေဆဲဖြစ်ပြီး အသေးစိတ် မသိနိုင်သေးပေမဲ့ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်သွားတဲ့ စစ်တပ်ရဲ့ အီးမေးလ် ထုတ်ပြန်ချက်တရပ်မှာတော့ ဒီမိုကရေစီကို ထိန်းသိမ်းဖို့အတွက် အာဏာသိမ်း လိုက်ပြီဖြစ်ကြောင်း ပြောဆိုထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာပြီး ညမထွက်ရ အမိန့်ထုတ်ပြန်ထားသလို လေဆိပ်တွေကို ပိတ်ပြီး လေယာဉ်ခရီးစဉ်တွေ အားလုံးကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။
ဒါပေမဲ့လည်း ၀န်ကြီးချုပ် Binali Yil Dirim ကတော့ ဒါကို အာဏာသိမ်းမှုလို့ခေါ်ရင် မှားယွင်းလိမ့်မယ်လို့ ဆိုပါတယ်။ ဒါဟာ စစ်တပ်အစိတ်အပိုင်းတခုရဲ့ တရားမ၀င်တဲ့ ကြိုးပမ်းမှု တရပ်သာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရဟာ တိုင်းပြည်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး ပြည်သူလူထုက လက်မခံဘူးလို့ဆိုတော့မှ ရာထူးက ဖယ်ရှားပေးမယ် လို့လည်း ၀န်ကြီးချုပ် Yil Dirim က NTV ပုဂ္ဂလိက ရုပ်မြင်သံကြား အစီအစဉ်ကို ပြောကြားခဲ့ပါတယ်။ ပြစ်မှုကျူးလွန်သူတွေ အနေနဲ့လည်း တန်ဖိုးကြီးကြီး ပြန်လည်ပေးဆပ်ရလိမ့်မယ်လို့ ၀န်ကြီးချုပ်က အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
Ankara မြို့တော် ကောင်းကင်မှာ စစ်ဘက်ဂျက်လေယာဉ်တွေ ပျံသန်းနေပြီး သေနတ်သံတွေလည်း ကြားနေရတယ်လို့ အဲဒီမှာရောက်ရှိနေတဲ့ သတင်းထောက်တွေက ဆိုပါတယ်။
Istanbul မြို့ Bosphorus ရေလက်ကြားမှာ ထိုးထားတဲ့ Bosphorus တံတားနဲ့ Fatih Sultan Mehmet တံတား ၂ ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်က ပိတ်ဆို့ထားကြပါတယ်။ နောက်ဆက်တွဲအခြေအနေတွေကို အလျဉ်းသင့်သလို ဆက်လက် ဖော်ပြသွားမှာဖြစ်ပါတယ်။
VOA Burmese News