ပြည်မြို့က အလုံပိတ်တဲများနှင့် Facebook ပေါ်မှ ရိုက်ခတ်သံ
ပဲခူးတိုင်း ဒေသကြီး အနောက်ခြမ်း ပြည်မြို့ ရှိ အလုံပိတ် စားသောက်ဆိုင်ခန်းများနှင့် စားသောက်ဆိုင် အမည်ခံပြီး လိုင်စင်မရှိဘဲ တည်းခိုခန်းသဖွယ် ဖွင့်လှစ်ထားသော ဆိုင်ပေါင်း(၁၁)ဆိုင်အား (၂၅.၇.၂၀၁၆)ရက်နေ့ နံနက်(၁၀:၄၀)နာရီမှ နေ့လည်(၂)နာရီ(၁၅)မိနစ်အချိန်ထိ သက်ဆိုင်ရာ အာဏာပိုင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း ပြည်သတင်း မှာ ဖော်ပြထားပါသည်။
ပြည်မြို့ ပေါ်တွင် စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်၊ အအေးဆိုင်များ အမည်ခံကာ တရားမဝင် အလုံပိတ်အခန်းများ ထားရှိရာ လူငယ်လူရွယ်များ၊ ကျောင်းသား/ကျောင်းသူများ အလွယ်တကူ လာရောက်ချိန်းတွေ့နေကြသဖြင့် လူငယ်များ အကျင့်စာရိတ္တပျက်ပြားစေကြောင်း သတင်းများအရ သက်ဆိုင်ရာက စစ်ဆေး သတိပေးခဲ့ခြင်း ဖြစ်သည်။
ထိုသို့စစ်ဆေးရာတွင် တည်းခိုခန်းသဖွယ် အခန်းဖွဲ့ထားပြီး အခန်းတွင်း၌ ကုတင်နှင့် မွေ့ယာများခင်း၍ ထား ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး တည်းခိုခန်းလိုင်စင်ရရှိရေးအတွက် (၂၁.၇.၂၀၁၆)ရက်နေ့တွင် ပြည်မြို့ နယ်စည်ပင်သာယာရေးအဖွဲ့သို့ တည်းခိုခန်း လိုင်စင်လျှောက်ထား ထားရှိကြောင်း၊ လိုင်စင်ခွင့်ပြုချက်မရသေး၍
တည်းခိုသူများအား လက်မခံသေးကြောင်း ၊ ဆိုင်ရှင်မှပြောဆိုခဲ့သော်လည်း အခန်းများအတွင်း၌ တည်းခိုသူများအား အချိန်ပိုင်း လက်ခံသည့်အနေအထားများ တွေ့ရှိသောကြောင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှဆိုင်အား လုံးဝပိတ်ထားရန်နှင့် တည်းခိုခန်းလိုင်စင်ရရှိမှသာ ဆက်လက်ဆောင်ရွက်ရန်၊ လိုက်နာခြင်းမရှိပါက တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေး မှာကြားခဲ့ကြောင်း သိရသည်။
ကော်ဖီဆိုင်အမည်ခံ၍ တဖက်ဖွင့် အလုံပိတ်တဲများအား စစ်ဆေးရေးပူးပေါင်းအဖွဲ့မှ ၄င်းတဲများကို(၃)ရက်အတွင်း အပြီးဖျက်သိမ်းရန် ဖျက်သိမ်းခြင်းမပြုပါက တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်း - ဓါတ်ပုံ ။ ။ မိုးမခ(ပြည်)
မှုခင်းသတင်းထောက် (ပြည်သတင်း)