199 သတင်းအရ ခြေထောက်နာကျင်၍ လမ်းဘေးတွင် ထိုင်နေသူ အမျိုးသမီးအား ရဲတပ်ဖွဲ့မှကူညီ
---------------------------------------------------------------------------
ရန်ကုန်၊ သြဂုတ် ၁၄
၁၄.၈.၂၀၁၆ ရက်နေ့ ၁၂၄၀ အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ဖွင့်လှစ်ထားရှိသော 199 Call Center သို့ မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်၊ ခေမာသီလမ်းဘေး ကွန်ကရစ်တံတား အဆင်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး လဲကျနေကြောင်း တာဝန်သိ ပြည်သူတစ်ဦးမှ သတင်းပေး လာသဖြင့်
မြောက်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ရဲတပ်ဖွဲ့တို့မှ လှည့်ကင်းမော်တော် ယာဉ်များသို့ ဆက်သွယ်၍ သတင်း အတည်ပြုကာ ကူညီ ဆောင်ရွက်ပေးရန် အကြောင်းကြား ခဲ့ပါသည်။
အဆိုပါ သတင်းအားရရှိသည်နှင့် မြောက်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့မှ လှည့်ကင်း မော်တော်ယာဉ် အမှတ် ၁၀၂ နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ရဲတပ်ဖွဲ့မှ လှည့်ကင်းမော်တော်ယာဉ် အမှတ် ၁၁၄ တို့က အဆိုပါ
နေရာသို့ သွားရောက်ခဲ့ရာ တံတားအဆင်း ပလက်ဖောင်း ပေါ်တွင် အင်းစိန်မြို့နယ်နေ မသင်းသင်းမော် အား ထိုင်နေသည်ကို တွေ့ရှိရပြီး ၎င်းမှာ ကိုယ်ဝန်ဆောင် မဟုတ်သော်လည်း ယာဘက် ခြေထောက်ရှိ အနာမှ နာကျင်ကာ လမ်းဆက်မလျှောက် နိုင်သဖြင့် ထိုင်နေခြင်း ဖြစ်ကြောင်း ပြောပြ သိရှိရ၍ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေရောဂါကု ဆေးရုံးကြီး အရေးပေါ်ပြင်ပ လူနာ ဌာနသို့ ရဲတပ်ဖွဲ့ဝင်များမှ လှည့်ကင်း မော်တော်ယာဉ် များဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးကုသ ပေးခဲ့ပါသည်။
ယင်းသို့ ဆေးကုသပြီး ၎င်း၏ခြေထောက်နာကျင်မှုမှာ သက်သာ လာ၍ အင်းစိန်မြို့နယ်သို့ ခရီးသည်တင် ယာဉ်ဖြင့် ပြန်လိုကြောင်း ပြောသဖြင့် ၎င်း၏ဆန္ဒအရ မြောက်ဥက္ကလာပ ဆေးရုံအနီးရှိ မေဓာဝီလမ်းဆုံ ကားမှတ်တိုင် သို့ လှည့်ကင်း မော်တော်ယာဉ်များဖြင့် ပို့ဆောင် ကူညီပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Yangon Police