မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံလုပွဲတွင် ထွန်းထွန်းမင်း အလဲထိုးဖြင့် နိုင်၊ တူးတူး ပူးတွဲ သရေဖြင့် ကျေနပ်ခဲ့ရ
သုဝဏ္ဏ အမျိုးသား အားကစားရုံ၌ သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံလု ပွဲစဉ်များအနက် နောက်ဆုံးပွဲစဉ်ဖြစ်သည့် မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းနှင့် ထိုင်းကစားသမား ချူထိုင်းတို့ပွဲစဉ်၌ ပထမအချီ ၁ မိနစ် ၄၃ စက္ကန့်၌ပင် ထွန်းထွန်းမင်း တံတောက် ရိုက်ချက်၊ လက်သီးချက်များကြောင်း ချူထိုင်း အရှုံး ပေးခဲ့ရသည်။
သတ္တမ ပွဲစဉ်အဖြစ် တူးတူးနှင့် ကနေဒါ လက်ဝှေ့ ကစားသမား ဒေ့ပ်လက်ဒပ်တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ဒေ့ပ်လက်ဒပ်၏ တံတောင်ရိုက်ချက်၊ ဖြောင့်လက်သီးနှင့် ခြေကန်ချက်များကြောင့် တူးတူး အထိနာခဲ့သော်လည်း အရှုံးအနိုင် မပေါ်ဘဲ သရေပွဲဖြင့် ပြီးဆုံးခဲ့သည်။
ဆဋ္ဌမပွဲစဉ် (၇၂ ကီလိုတန်း) အဖြစ် စောဂေါ်မူတို့နှင့် ရှရှားကစားသမား ရှပ်ရှာကော့ဗ် အာတမ်တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ဒုတိယအချီတွင် ရှရှား ကစားသမား အရှုံး ပေးခဲ့သောကြောင့် စောဂေါ်မူတို အလဲထိုးဖြင့် အနိုင်ရခဲ့သည်။
ပဉ္စမပွဲစဉ် (၆၇ ကီလိုတန်း) တွင် ဖျံသွေးနှင့် အီရန်နိုင်ငံသား မာဆွတ်တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ဒုတိယအချီ ၅ဝ စက္ကန့်တွင်ပင် ဖျံသွေး၏ လက်သီးချက်များကြောင့် မာဆွတ် အရှုံး ပေးခဲ့ရသည်။
စတုတ္ထပွဲစဉ် (၆၃ ကီလိုတန်း) တန်းတွင် သားအသည်းတစ်ပွင့်နှင့် ကင်ညာ ကစားသမား လီယိုနာ့ဒ်တို့ ယှဉ်ပြိုင် ထိုးသတ်နေရာ ဒုတိယအချီ ၁ မိနစ် ၃၅ စက္ကန့်တွင် သားအသည်းတစ်ပွင့်၏ တံတောင်ချက်ကြောင့် ကင်ညာ ကစားသမား အနား တောင်းခဲ့ရပြီး တတိယအချီ အစတွင် သားအသည်းတစ်ပွင့်က အလဲထိုးဖြင့် အနိုင်ရခဲ့သည်။
သုဝဏ္ဏအမျိုးသား အားကစားရုံ၌ ကျင်းပနေသည့် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံလု ပွဲစဉ်များအနက် ပထမပွဲစဉ် (၅၄ ကီလိုတန်း) တွင် စွမ်းထက်နိုင်က လာအို ကစားသမား စူပါဘောကို ဒုတိယအချီတွင် ရှုံးနိမ့်သွားခဲ့သည်။ ဒုတိယပွဲစဉ် (၅၇ ကီလိုတန်း)၌ ရဲသွေးနီက ကာဇက်စတန် ကစားသမားကို အနိုင်ရခဲ့ပြီး တတိယပွဲစဉ် ( ၆ဝ ကီလိုတန်း) တွင်လည်း ထွန်းလွင်မိုးက ဂျပန် ကစားသမားကို ဒုတိယအချီတွင် အနိုင်ရခဲ့သည်။
credit: the voice
photo:ညီညီမိုဃ်းအောင်