နောက်ဆက်တွဲ ငလျင်ငယ်များအား သတိပြုကြရန် သတိပေးနှိုးဆော်ထား
*********************
မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃)မိုင်ခန့် အကွာ ချောက်မြို့၏ အနောက်ဘက် (၁၂)မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇)နာရီ (၀၄)မိနစ် (၅၅) စက္ကန့်အချိန်တွင် လှုပ်ရှားသွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များအား ပြည်သူများအနေဖြင့် သတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သတိပေး နှိုးဆော်လိုက်သည်။
အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့်ဒေသတစ်ဝိုက်နှင့် ငလျင်လှုပ်ခြင်းကို ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိဆောင်ရွက်နိုင်စေရန် လက်ကမ်းစာစောင်များကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၏ စာမျက်နှာတွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။
ငလျင်လှုပ်ခတ်မှုကို မြန်မာနိုင်ငံရှိ မြို့အတော်များများတွင် ခံစားခဲ့ရပြီး ရှေးဟောင်း သမိုင်းဝင်မြို့တော်ဖြစ်သည့် ပုဂံမြို့ရှိ နာမည်ကြီးဘုရားစေတီအချို့ ပြိုကျပျက်စီးမှုများအပါအဝင် ဒေသအချို့တွင် ထိခိုက်ပျက်စီးမှုများ၊ လူသေဆုံးမှုအချို့ရှိသည်ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ကနဦးထုတ်ပြန်သည့် ဖေါ်ပြချက်များအရ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးတွင် သြဂုတ်လ(၁၉)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်က အင်အား (၄.၃)ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခုနှင့် အဆိုပါနေ့၏ ည(၈)နာရီအချိန်တွင် ပြင်ဦးလွင် - မိုးကုတ် လမ်းမဘေးအနီး၌ အင်အား (၄.၃)ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး သြဂုတ်လ(၂၀)ရက်နေ့ ညနေ(၅)နာရီဝန်းကျင်က ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အကြားတွင် အင်အား (၂.၆)ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု၊ သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၆)နာရီအချိန်တွင် ကယားပြည်နယ် ဘော်လခဲ ခရိုင်ရှိ ရွာသစ်တွင် အင်အား (၂.၁)ရစ်ခ်ျတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် ငလျင်သတင်းထုတ်ပြန်ရေး ဝက်ဘ်ဆိုက်ဖြစ်သည့် Seismological Bureau ၏ ထုတ်ပြန်ချက်အရ သိရသည်။
တာချီလိတ်သတင်းအေဂျင်စီ