သြစတြေးလျတွင် ကြောက်မက်ဖွယ် တွင်းနက်ကြီး ရုတ်တရက်ထွက်ပေါ်(ရုပ်သံ)
သြစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်းပြည်နယ်တွင်းမှ လူနေအိမ်တအိမ်ရဲ့ အနောက်ဘက်ခြံထဲမှာ ရေတွေ လှည့်လည်စီးဆင်းနေတဲ့ ကြောက်မက်ဖွယ် တွင်းနက်ကြီးတတွင်း ထွက်ပေါ်ခဲ့ပါတယ်။
အိုက်ပ်ဝစ်ခ်ျမြို့မှာ အိမ်ပိုင်ရှင် ရေးမက်ကေးစ်နေထိုင်တဲ့ ခြံရဲ့အနောက်ဘက်မှာ သြဂုတ် ၂ ရက် မနက် ၉ နာရီလောက်မှာ တွင်းနက်ကြီး ရုတ်တရက် ဖြစ်ပေါ်ခဲ့ကာ ရှေးတုန်းကလုပ်ခဲ့တဲ့ သတ္တုမိုင်းတွင်းတွေနဲ့ လုပ်ငန်းအစီအစဉ်တွေအပေါ် ပြန်လည်သုံးသပ်မှုတွေ လုပ်ဆောင်ရတော့မယ်လို့ သြစတြေးလျအခြေစိုက် အေဘီစီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အိမ်နီးချင်းတဦးက သူတို့ကို လာရောက်သတိပေးခဲ့ကြတာဖြစ်ပြီး အဆိုပါ တွင်းနက်ကြီးဟာ အချင်း ၈ မီတာလောက်ထိ ပိုမိုကျယ်ပြန့်လာခဲ့တယ်လို့ ဆိုပါတယ်။
ရေးမက်ကေးစ်နဲ့ ဇနီးဖြစ်သူတို့ဟာ အငြိမ်းစားတွေဖြစ်ကြပြီး အဲဒီနေ့ကတော့ နောက်ကျတဲ့အထိ အိပ်နေခဲ့ကြတာလို့ ဆိုပါတယ်။
“အိမ်နီးချင်းတယောက်က တံခါးလာခေါက်ပြီး ဒါကို လာပြောခဲ့တာပါ။ ကျနော်ထွက်ကြည့်ချိန်မှာ တွင်းဟာ ၁ မီတာလောက်ပဲ ရှိနေပြီး နောက်ပိုင်းမှာ ပိုကြီးလာခဲ့တယ်” လို့ ရေးမက်ကေးစ်က ပြောပါတယ်။
သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ချိန်မှာတော့ သူတို့က အိမ်အနီးအနား မြေအောက်ရေပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ဖြစ်မယ်လို့ ပြောခဲ့ပေမယ့် မက်ကေးစ်ကတော့ သူတို့အိမ်အနီးမှာ ဘာရေပိုက်လိုင်းမှ မရှိဘူးလို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ မြို့တော်ဝန် ပေါလ်ပီဆာဆေးလ်က ဒါဟာ ဒေသတ၀ိုက်က သတ္တုမိုင်းတွင်းတွေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ပြောလိုက်တာပါ။
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အဲဒီနေရာမှာရှိခဲ့တဲ့ သတ္တုမိုင်းတွင်းတွေရဲ့ အကျိုးဆက်တွေကြောင့်လို့ ပြောရမှာပါပဲ။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးပါဘူး။ နောက်ထပ် ၂ ရက်လောက်တော့ စောင့်ကြည့်ရဦးမယ်။”
ရေးမက်ကေးစ်တို့ ဇနီးမောင်နှံဟာ အဆိုပါအိမ်မှာ နှစ်ပေါင်း ၂၅ နှစ်ကြာအောင် နေထိုင်ခဲ့ကြတာဖြစ်ပြီး ၂၀၁၁ ခုနှစ် ရေလွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရဖူးသူတွေ ဖြစ်ပါတယ်။
“ရေးနဲ့ လင်းတို့ကို ပစ်ထားမှာမဟုတ်ပါဘူး။ ဒီပြဿနာကို ကျနော်တို့ ဖြေရှင်းကြရမှာပါ။ ဒါဟာ လူ့အဖွဲ့အစည်းရဲ့ ပြဿနာတခုပါပဲ” လို့ မြို့တော်ဝန် ပေါလ်ပီဆာ ဆေးလ်က ပြောပါတယ်။
သဘာဝရင်းမြစ်နဲ့ သတ္တုတွင်းဦးစီးဌာနမှ တာဝန်ရှိသူ အမျိုးသမီးကတော့ ဖြစ်နိုင်ချေရှိတဲ့ အရင်ကလုပ်ခဲ့တဲ့ သတ္တုတွင်းမြေပုံတွေ၊ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ် စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
“ဌာနအနေနဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးဌာနနဲ့ ပူးပေါင်းပြီး တွင်းနက်ကြီးထဲက ပန်းထွက်လာတဲ့ ရေတွေကို သင့်တော်မယ့် နည်းလမ်းတွေနဲ့ လုပ်ဆောင်သွားမှာပါ” လို့ သူမက ပြောပါတယ်။
ဒီဗွီဘီ