မြန်မာနိုင်ငံတွင် ကလေးလုပ်သား ၁.၃ သန်းကျော် ရှိနေ
– အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်တမ်းကောက်ယူမှုအရ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁.၃ သန်း ရှိနေသည်ဟု သိရသည်။
စစ်တမ်းကောက်ယူမှု မှတ်တမ်းများကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ၏ ကလေးဦးရေမှ ၁၀ ရာခိုင်နှုန်းကျော်မှာ လယ်ယာလုပ်ငန်းကဲ့သို့ မိသားစုစီးပွားရေး လုပ်ငန်းများတွင် အခကြေးငွေမရဘဲ အလုပ်လုပ်ရခြင်းပါအ၀င် နိုင်ငံတစ်ဝှမ်း တရားဝင်နှင့် တရားမ၀င် ကဏ္ဍများတွင် အလုပ်လုပ်နေရခြင်းဖြစ်သည်ဟု ထိုမှတ်တမ်းတွင် ဖော်ပြထားသည်။
အရွယ်မရောက်သေးသော ယောက်ျားလေးများ အလုပ်လုပ်ရမှု အရေအတွက်မှာ ၆၇၆၂၀၈ ဦး ရှိနေပြီး အရွယ်မရော က်သည့် မိန်းကလေးငယ်များ အလုပ်လုပ်ရသည့် အရေအတွက်မှာမူ ၆၀၂၇၀၁ ဦး ရှိနေသည်။ ထိုကဲ့သို့ အလုပ်လုပ်ရသည့် ကလေးငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ အသက် ၁၅နှစ်မှ ၁၇ နှစ်အရွယ်ရှိ ကလေးငယ်များ ဖြစ်သည်။
အဆိုပါ အသက်အရွယ်အပိုင်းအခြားမှာ ကမ္ဘာ့တစ်ဝှမ်းရှိ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင် အလုပ်လုပ်ခွင့်ပြုသည့် အသက်အပိုင်းအခြား ဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံရှိ ကလေးလုပ်သားများ၏ အခြေအနေမှာ ပျမ်းမျှ တစ်ပတ်လျှင် ၅၂ နာရီ အလုပ်လုပ်ရပြီး၊ ၎င်းတို့ထဲမှ ၂၄.၄ ရာခိုင်နှုန်းမှ ၃၃.၆ ရာခိုင်နှုန်းမှာ အလုပ်ကြမ်းသမားအဖြစ် သတ်မှတ်ခံထားရကာ တစ်ပတ်လျှင် နာရီ ၆၀ ထက်ပို၍ အလုပ်လုပ်နေရသည်။
၂၀၁၆ ခုနှစ် ဈေးဆိုင်များနှင့် အလုပ်ဌာနများဆိုင်ရာ ဥပဒေတွင် အသက် ၁၄ နှစ်မှ ၁၆ နှစ်ရှိ လူငယ်များ တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်လုပ်ခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ထားသည်။ မြန်မာနိုင်ငံရှိ ကလေးလုပ်သား ၁ သန်းကျော်မှ ၈၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် ဖြစ်သည်။
ကလေးအလုပ်သမားများမှ ၆၀.၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးဖမ်းလုပ်ငန်းများတွင် အလုပ်လုပ်နေရပြီး ၁၂ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်ငန်းများတွင် ရှိနေကာ၊ ၁၁.၁ ရာခိုင်နှုန်းမှာ ကုန်သွယ်ရေး၊ ၆.၁ ရာခိုင်နှုန်းမှာ ၀န်ဆောင်မှု လုပ်ငန်းများတွင် အသီးသီး လုပ်ကိုင်နေရသည်ဟု ၀န်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုကဏ္ဍများတွင် ကလေးအလုပ်သမားများ ရရှိသည့် လုပ်ခလစာမှာ တစ်နာရီလျှင် ကျပ် ၄၀၀ သာ ရှိနေပြီး၊ ၅၇ ရခိုင်နှုန်းမှာ မိသားစုလုပ်ငန်းများတွင် လုပ်ခလစာမရဘဲ လုပ်ကိုင်နေရသည်။
Ref: mmtimes

