လက်ကိုင်ဖုန်းလိုက်လံရာင်းချနေသူကို မသင်္ကာသဖြင့် စစ်ဆေးရာမှ ခိုးယူခဲ့ကြောင်းနှင့် နေအိမ်အတွင်းမှ ငွေနှင့်ရွှေထည်ပစ္စည်းများ ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက်
ရန်ကုန်၊ သြဂုတ် ၁၄ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းများလျော့နည်းကျဆင်းရေးအတွက် ခိုးမှု၊ လုယက်မှုများအား စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိရာ ၉.၈.၂၀၁၆ ရက်နေ့ ၁၃၀၀ အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ ၇ ရပ်ကွက်၊ ဗိုလ်အောင်ကျော် လမ်း၌ အမျိုးသားတစ်ဦးမှ လက်ကိုင်ဖုန်းများကို မသင်္ကာဖွယ်လိုက်လံ ရောင်းချနေကြောင်းသတင်းအရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များက သွားရောက်စုံစမ်းရာ လှိုင်သာယာမြို့နယ်နေ မြင့်ဇော် (ခ)အောင်ကိုဦး၊ (၂၃)နှစ်အား Huawei အမျိုးအစားလက်ကိုင်ဖုန်း ၂ လုံး နှင့်အတူတွေ့ရှိရပြီး ၎င်းဖုန်းများမှာ ၄.၈.၂၀၁၆ ရက်နေ့က လှိုင်သာယာ မြို့နယ်၊ မီးခွက်ဈေးကားမှတ်တိုင်အနီးတွင်ရပ်ထားသော အငှားယာဉ်၏ ခေါင်းခန်းအတွင်းမှ ခိုးယူခဲ့ခြင်းဖြစ်ကြောင်းသိရသဖြင့် လှိုင်သာယာမြို့မ ရဲစခန်းတွင် (ပ)၁၇၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၅၄ ဖြင့် အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအား အခြား ခိုးမှု၊လုယက်မှုများကျူးလွန်ထားခြင်း ရှိ/မရှိစစ်ဆေးရာ ၎င်းသည် ၄.၈.၂၀၁၆ ရက်နေ့က ၎င်း၏ဇာတိဖြစ်သော ဧရာဝတီတိုင်း ဒေသကြီးမှ လှိုင်သာယာမြို့နယ်သို့လာရောက်စဉ် လမ်းခရီးရှိ နေအိမ် တစ်အိမ်အတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ငွေများခိုးယူခဲ့ကြောင်း၊ ရွှေထည် ပစ္စည်းအချို့အားရောင်းချထားကြောင်း၊ ၎င်းထံတွင် ရွှေထည်ပစ္စည်းအချို့နှင့် ငွေကျပ်(၉၁၀၀၀၀)ကျန်ရှိသေးကြောင်းသိရှိရသဖြင့် စိစစ်အတည်ပြုခဲ့ရာ တွံတေးမြို့နယ်၊ စမ်းရွာရှိနေအိမ်မှ ခိုးယူခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ ၀၂၀၀အချိန် ခန့်က ၎င်းနေအိမ်မှ ရွှေထည်ပစ္စည်း ၁၅ မျိုးနှင့် ငွေကျပ် ၃၈သိန်း၊ စုစုပေါင်း တန်ဖိုးငွကျပ် ၉၉ သိန်းကျော်ထည့်ထားသောလက်ဆွဲအိတ်မှာ ခိုးယူခံရ၍ တိုင်တန်းထားရှိသော တွံတေးမြို့မရဲစခန်း(ပ)၄၃၁/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ အမှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါသည်။ ပေါ်ပေါက်ချက်အရ ၎င်းထံမှ အမှုမှပါဆုံးသွားသည့် သက်သေခံပစ္စည်း ရွှေထည်အချို့နှင့်ငွေများ၊ ခိုးယူရရှိသည့်ငွေနှင့်ဝယ်ယူထားသည့် ရွှေထည်ပစ္စည်းများကိုပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး အမှုဖြင့်ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Ref: Yangon Police