မူးယစ်ဆေးရောင်းချသုံးစွဲသည့် တက္ကသိုလ်ကျောင်းသားများအား ဖမ်းဆီးရမိ
ကလေး၊သြဂုတ်၂၃။
စည်သူထွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊ ကလေးတက္ကသိုလ်အနီး လှိုင်သာယာရပ်ကွက်ရှိ တက္ကသိုလ်ကျောင်းသားများငှားရမ်းနေထိုင်သည့် အဆောင်များမှ မူးယစ်ဆေးရောင်းချသုံးစွဲသည့် တက္ကသိုလ်ကျောင်းသားများအား ဖမ်းဆီးရမိသည်ဟု ကလေးမြို့မရဲစခန်းမှ သိရသည်။
သြဂုတ်၂၂ရက်၊ ညနေ၆နာရီဝန်းကျင်တွင် ရဲတပ်ဖွဲ့က အသိသက်သေများဖြင့် လှိုင်သာယာရပ်ကွက်၊နယ်မြေ ၂ရှိ အဆောင်အားဝင်ရောက်ရှာဖွေရာ ကျောင်းသားတစ်ဦးထံမှ အနီရောင်အဖုံးပိတ်ပါ ပင်နင်ဆလင်ပုလင်းအတွင်းဘိန်းဖြူဟုယူဆရသော အဖြူရောင်အမှုန့်အဝါဖောက်(0.3)ဂရမ်ခန့်ပါ၁လုံး၊မူးယစ်ဆေးဝါးရောင်းရငွေစက္ကူရောရာ (၁၁၅၀၀၀ိ/)ကျပ်နှင့် ကလေးတက္ကသိုလ် ကျောင်းသားကဒ်၊ ဖုန်းဟန်းဆက်များ ဖမ်းဆီးရမိသည်ဟုသိရသည်။
အဆိုပါအဆောင်ရှိ အခန်းအမှတ်(၄)နေကျောင်းသား၂ယောက်အား စစ်ဆေးရန် ဝင်ရောက်စဉ် ၄င်းတို့၂ဦးမှာ အခန်းအနောက်ဝရန်တာမှ ခြံစည်းရိုးအား ခုန်ကျော်ပြီး ထွက်ပြေးသော်လည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းကျောင်းသားနှစ်ဦးနေထိုင်သည့် အခန်းအတွင်းမှ ဘိန်းဖြူထိုးရာတွင် အသုံးပြူသော ဆေးထိုးအပ်တပ်လျက် 3CC ဆေးထိုးပြွန်၁ခု၊ဘိန်းဖြူရှုရာတွင် အသုံးပြုသော အညိုရောင်အစေးများ ကပ်ညိနေသည့် ငွေမှင်စက္ကူကလစ်၁ခု၊ ဘောင်းဘီအိပ်ထဲမှ စိတ်ကြွရူးသွက်ဆေးပြား၂ပြားတို့ ဖမ်းဆီးရမိသည်ဟု သိရသည်။
''ခြံကျော်ပြီး ပြေးတဲ့အချိန်မှာ ပင်နင်ဆလင်းပုလင်း(၂)လုံး လွှင့်ပစ်လိုက်တာ သက်သေတွေကောမြင်တယ်။ အဲ့ပုလင်းတွေကို ၂၁ရက်နေ့က အခန်းအမှတ်၂က ကျောင်းသားဆီက တစ်ပုလင်း၃၅၀၀၀ကျပ်နဲ့ ဝယ်ခဲ့တာလို့လည်း သက်သေတွေရှေ့မှာ ထွက်ဆိုတယ်။ ရောင်းလည်းရောင်း သုံးလည်းသုံးတာပါ"ဟု ဖမ်းဆီးမှုတွင်ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ယင်းမူးယစ်ဆေးများကို အိန္ဒိယနိုင်ငံ၊မိုးရေးမြို့မှ ကလေးမြို့အတွင်းသို့ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ကလေးမြို့မရဲစခန်းမှ သိရသည်။
၎င်းဖမ်းဆီးမိသူသုံးဦးမှာဘူမိဗေဒပထမနှစ်တစ်ဦး၊ ဓာတုဗေဒစတုတ္ထနှစ်တစ်ဦး၊တက္ကသိုလ်ဘွဲ့ရတစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။
#CentralNewsMyanmar
#KalayNews