လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ မကြီးစိုးနဲ့ပုံက ဇာတ်ဝင်ခန်းပုံဖြစ်ပြီး သူ့ရဲ့ချစ်သူက အပြင်ကမိန်းကလေးပါလို့ ဖွင့်ဟလာတဲ့ ကျော်ထက်အောင်



ငယ်စဉ်ကတည်းက၀ါသနာပါရာက သရုပ်ဆောင်တစ်ယောက်ဖြစ်သလို လက်ရှိမှာ MC အဖြစ်အားပေးသူ အများသိရှိခဲ့သူကတော့ ကျော်ထက်အောင်ပါ။ သူဟာဆိုရင်ငယ်ငယ်ကတည်းက အနုပညာနဲ့ပတ်သက်ပြီး အလွန်အမင်းရူးခဲ့ရတယ်လို့ဆိုလာသလို အခုချိန်မှာတော့ သူရဲ့ရူးသွပ်မှုတွေက အကောင်အထည်ပေါ်လာပြီလို့ပြောလာပြန်ပါတယ်။ ၂၀၀၆ ခုနှစ်ကတည်းက MC တစ်ယောက်အနေနဲ့ရပ်တည်လာခဲ့သလို လက်ရှိမှာတော့ အောင်ခေတ်မင်းတိုက်က ပထမဆုံးစတင်ရိုက်ကူးတဲ့ သူငယ်ဆိုတဲ့ဇာတ်ကားမှာ သူငယ်တစ်ယောက်ရဲ့ကာရိုက်တာကို ပီပြင်စွာသရုပ်ဆောင်နေတဲ့ ကျော်ထက်အောင်နဲ့တွေ့ဆုံခိုက်

-MC လုပ်နေရင်းကနေ သရုပ်ဆောင်ဖက်ကို ဘယ်လိုကဘယ်လိုကူးဖြစ်သွားတာလဲ။
မြန်မာ Idol က ပရိသတ်နှစ်ယောက်ပေါ့။ ကိုစည်သူနဲ့ဒေါက်တာခင်သီတာရီက အမာခံပရိသတ်တွေပေါ့။ သူတို့ကလဲ production ထောင်ဖို့ဆိုတဲ့ အစီအစဉ်လေးရှိတယ်။ အဲ့ဒီအချိန်မှာ သူတို့လက်ထဲကို သူငယ်ဆိုတဲ့ ဇာတ်ကလေးရောက်တယ်။ အဲ့ဒီဇာတ်ကလေးရတဲ့အချိန်မှာ ဘယ်သူ့ကိုရွေးရင်ကောင်းမလဲဆိုပြီး သူတို့စဉ်းစားကြည့်ကြသေးတယ်။ အဲ့ဒီမှာသူတို့မြင်တာက ကျွန်တော်ပဲဆိုပြီး ကျွန်တော့်ကို ကမ်းလှမ်းလာတယ်ဗျ။ အဲ့ဒီမှာ အဆင်ပြေပြီး ရိုက်ဖြစ်သွားတာပေါ့။ ထုတ်လုပ်ရေးက အောင်ခေတ်မင်းပါ။ ကျွန်တော်နဲ့မှပထမဆုံးစရိုက်ဖြစ်တာပေါ့။

-သူတို့လာကမ်းလှမ်းတဲ့ အချိန်မှာရော အရမ်းအကြာကြီးစဉ်းစားသေးလား။
မစဉ်းစားဘူးခင်ဗျ။ ဘာလို့လဲဆိုတော့ ငယ်ငယ်ကတည်းက ပိုးကပါပြီးသားဆိုတော့ တုတ်နဲ့လာပြီး ထိုးလိုက်သလိုပါပဲ။ လက်ခံလိုက်တာပါပဲ။

-ပါဝင်တဲ့သရုပ်ဆောင်တွေကရော ဘယ်သူများဖြစ်မလဲ။
ကျွန်တော်အပါအ၀င်၊ မာရီကိုးလ်၊ မကြီးစိုး၊ မခိုင်ကြီး ၊ မခိုင်လေး၊ ကိုရန်လေး၊ ကိုရဲအောင်၊ ကိုမင်းဦးပါ။ ဒါရိုက်တာကတော့ ပွင့်သိင်္ဂဇော်ပါ။

-ဇာတ်လမ်းပုံစံကရော ဘယ်လိုမျိုးများဖြစ်မလဲ။
သူတို့ဘဲကြီးတွေကိုစိတ်ကုန်လို့သူငယ်လေးတစ်ယောက်ကို ရွိုင်ကြည့်တာပေါ့။ အဲ့ဒီမှာကျွန်တော်နဲ့တွေ့တယ်။ ကျွန်တော်က သုံးယောက်စလုံးကို လှည့်ပတ်နေရတာပေါ့။ အဲ့ဒီလှည့်ပတ်မှုရဲ့နောက်မှာ အကြောင်းလေးတစ်ခုရှိနေတယ်ပေါ့။

-အခုကဒီကားရိုက်နေတော့ MC ကိုရော ဘယ်လိုဆက်လုပ်သွားမလဲ။
အဲ့ဒါကတော့ မိုးတွင်းဆိုတော့ ပွဲလဲပါးတဲ့အတွက် အတော်ဖြစ်သွားတာပေါ့။ ကံကောင်းတာပေါ့။ ဒီကားအပြီး စက်တင်ဘာ ၁၆ လောက်ဆိုရင်တော့ idol နယ်ထွက်ပြီဗျ။ အဲ့ဒီကျရင်တော့ နယ်လိုက်သွားရမှာပါ။

-MC ဖက်ကလာတာဆိုတော့ ဇာတ်ကားရိုက် အတွေ့အကြုံအနေနဲ့ရော ဘာတွေရှိမလဲ။
အတွေ့အကြုံကတော့ တော်တော်များများပါတယ်။ အနုပညာအစ်မတွေက ဆွဲခေါ်ပေးတယ်။ အင်မတန်မှလဲ ပျော်ဖို့ကောင်းပါတယ်။ အစစအရာရာလဲ သင်ကြားပြသပေးတယ်။ သူတို့ကို ဖက်ဖို့၊ ပြုဖို့ကအစ ဘယ်နေရာဖက်၊ ဘယ်နေရာကိုင်ဆိုပြီး သင်ပြပေးတယ်။ တော်တော်လေးလဲ ချစ်ဖို့ကောင်းပါတယ်ဗျ။ အခက်အခဲကတော့ ဒိုင်ယာလော့ခ်ပြောတဲ့အခါမှာ ကိုယ်က အခုလိုပြောနေပေမဲ့ အတူတူရိုက်တဲ့သူတွေရဲ့ နားထဲမှာ MC အသံပဲကြားနေတုန်းပေါ့လေ။ အဲ့ဒီလိုဆိုတော့ Flow ကိုရအောင်သင်ပေးတယ်။ ဒါရိုက်တာကလဲ သူမကြိုက်မချင်းရိုက်ပါတယ်။

-ဒီသရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ဘယ်အထိလောက်သွားဖို့စိတ်ကူးထားလဲ။
အဲ့ဒါကတော့ အောင်ခေတ်မင်းအပေါ်မှာ မူတည်တယ်ခင်ဗျ။ သူရှေ့ဆက်သွားမယ်ဆိုရင် ကျွန်တော်လဲရှေ့ဆက်သွားမယ်။ နောက် MC အလုပ်ကလဲ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်သလို ၀ါသနာလဲအရင်းခံထားတဲ့အတွက် MC အလုပ်ကိုလဲ ဆက်လုပ်နေဦးမှာပါ။

-ဟိုနေ့က ဒီကားရဲ့ရှုတင်ပုံတွေတင်တဲ့အခါမှာ မကြီးစိုးနဲ့အစ်ကို့ပုံကို Page တစ်ခုက ကြိုက်နေကြတယ်ဆိုပြီး စီကာပတ်ကုံးရေးတင်ထားတာမျိုးတွေလဲတွေ့ရတယ်ပေါ့။ ဒါနဲ့ပတ်သက်ပြီးရော ဘာများပြောချင်သေးလဲ။
မကြီးစိုးရဲ့အမေ မကြီးစိုးကြည်ဖြူကနေ သူ့သမီးရဲ့ activity လေးတွေတင်ပေးတဲ့အခါမှာ မကြီးစိုးနဲ့ကျွန်တော့်ပုံနှစ်ပုံကို တင်လိုက်တယ်ပေါ့။ တင်လိုက်တဲ့အခါမှာ အဲ့ဒီ Page ကလဲ နည်းနည်းလေးဖွတဲ့ Page ပေါ့လေ။ ရေးတာကလဲ တော်တော်လေး အာရုံစိုက်ပြီးရေးတဲ့ Page ဗျ။ ပြောရရင် ကျွန်တော့်အတွက်ကောင်းတယ်လဲပြောလို့ရတယ်။ ဆိုးတယ်လဲပြောလို့ရတယ်။ မကြီးစိုးအတွက်လဲကောင်းတယ်ပြောလို့ရသလို ဆိုးတယ်လို့လဲပြောလို့ရတယ်။ တစ်နည်းအားဖြင့် တစ်ဖက်တစ်လမ်းကနေသူ့ကိုလဲကျေးဇူးတင်ပါတယ်။ Trendly ဖြစ်အောင် သူကလုပ်ပေးတာပေါ့။ စာနယ်ဇင်းမိတ်ဆက်အပြီးမှာ ဒီဇာတ်ကားရိုက်နေတယ်ဆိုတဲ့သွေးအေးသွားတဲ့အချိန်မှာဒီဟာကိုသူကထပ်ပြီး လုပ်ပေးလိုက်တဲ့သဘောပေါ့။ သူငယ်က Trendly ဖြစ်သွားတဲ့သဘောပေါ့။ မကြီးစိုးနဲ့ဒီလိုပုံတွေ ရိုက်ထားရလောက်အောင် ဘယ်လောက်ထိ ဇာတ်ဝင်ခန်းတွေရှိနိုင်လဲ။ ဒီသူငယ်ကားမှာ ပါဝင်တဲ့ သရုပ်တွေရော ၊ အောင်ခေတ်မင်းရော အဲ့ဒီလိုရေးပေးတဲ့သူကိုကျေးဇူးတင်သင့်ပါတယ်။

-ဖေ့စ်ဘွတ်ပေါ်မှာလဲ အစစ်အမှန်ရေးတင်တဲ့ Page တွေရှိသလို ဖွတဲ့ Page တွေလဲရှိတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
Social Network ဆိုတာကလဲ သုံးတဲ့သူရဲ့စိတ်အပေါ်မှာလဲမူတည်တယ်။ ဥပမာ Social Network ကိုကျွန်တော်လေ့လာကြည့်သလောက် ကိုယ့်ရဲ့မသိစိတ်ကပဲ သုံးတာများတယ်။ ဥပမာတစ်ဖက်မှာ စကားပြောတဲ့သူမရှိဘူး။ လူချင်းတွေ့ပြီးစကားပြောနေတာမဟုတ်တဲ့အတွက်ပြောချင်တာပြောမယ်။ တစ်နည်းအားဖြင့် ပုဆိုးခြုံလျက်လက်သီးပြလို့ရတဲ့ အင်တာနက်ကြီးပေါ့။ ကောင်းတဲ့ဟာကို သုံးရင်ကောင်းမယ်။ မကောင်းတဲ့ဟာကိုသုံးရင်မကောင်းဘူး။ အားလုံးကလဲ ချင့်ချိန်ပြီးယုံသင့်ပါတယ်။ ဥပမာ မိန်းကလေးအကောင့်တွေကိုနောက်ကယောကျာ်းလေးတွေက သုံးနေတာမျိုးတွေလဲရှိတယ်။ ဒါကဒီနိုင်ငံမှာမှ မဟုတ်ဘူး။ တခြားနိုင်ငံမှာလဲ အများကြီးပဲဗျ။ မိန်းမပုံတွေရဲ့နောက်မှာယောကျာ်းလေးတွေကသုံးနေတာဗျ။ အဲ့ဒါကြောင့်အားလုံးချင့်ချိန်ပြီးသုံးသင့်ပါတယ်။

-အစ်ကို့အနေနဲ့လဲ Social Network နဲ့ပတ်သက်ပြီး Troll တာဘာညာခံခဲ့ရတယ်ဆိုတော့ ဒီအပေါ်မှာကျတော့ရော။
ခုနကပြောသလို မကြီးစိုးနဲ့တက်လာတဲ့ ပုံလိုမျိုးပေါ့။ ပရိုမုဒ်လုပ်ပေးတာပေါ့။ ဒီနိုင်ငံမှာပိုပျော်ဖို့ကောင်းတာတစ်ခုက ကိုယ့်ဟာကိုယ်လုပ်စရာမလိုပဲ သူများကလုပ်ပေးတာပေါ့။ သူများနိုင်ငံမှာက Celebrity ရဲ့မန်နေဂျာကိုယ်တိုင်က Troll ရတာဗျ။ ပြီးရင် အက်ဆီးဒင့်ဖြစ်ဖို့ကအစ ကားကိုအတိုက်ခံရတာ နာမည်ကြီးအောင်လို့ပေါ့။ ဒီမှာက အဲ့ဒီလို Page တွေရှိတယ်ဆိုတော့ အနုပညာရှင်တွေချိတ်ဆက်ပြီးတောင်မှ နာမည်မကြီးကြီးအောင်လုပ်သင့်ပါတယ်။

-MC မှာအားပေးလာတဲ့ ပရိသတ်တွေက အစ်ကိုသရုပ်ဆောင်လုပ်ပြီဟေ့ဆိုတဲ့အခါမှာရော ဘာများပြောကြသေးလဲ။
ကျွန်တော့်ပရိသတ်တွေကတော့ ကျွန်တော်ဘာလုပ်လုပ်ကြိုက်နေတာပဲ။ ယပ်တောင်ကြီးထိုးပြီးကပြရင်တောင်ကြိုက်မဲ့ ပရိသတ်တွေကြီးပဲ။ ကျွန်တော့်ရဲ့ပရိသတ်တွေ အကုန်လုံးချစ်ဖို့ကောင်းပါတယ်။ တချို့ဆိုသရုပ်ဆောင်လုပ်မယ်ဆိုတော့ မကြိုက်ကြဘူး။ ဒါပေမဲ့ တကယ့်တကယ် သရုပ်ဆောင်လုပ်ပြီဟေ့ ဆိုတော့လဲ အားပေးကြပါတယ်။

-လက်ရှိအချစ်ရေးကရော ဘယ်လိုရှိလဲ။
ကောင်မလေးက နိုင်ငံခြားမှာ ကျောင်းသွားတက်တော့မယ်တဲ့။ သူက ပညာကိုလောဘကြီးတယ်။ သူနဲ့ကဖုန်းပြောရင်တောင် တစ်ယောက်နဲ့တစ်ယောက်က စိတ်မရှည်တဲ့အခါကျတော့လေ။ အပြင်မှာသိပ်တွဲသွားတွဲလာမလုပ်ဖြစ်ဘူး။ ချစ်သူဖြစ်တာကတော့ ကြာပါပြီ။ ကျွန်တော်ဘာမှမဖြစ်ခင်ကတည်းက ကြိုက်ခဲ့ကြတာဆိုတော့လေ။ ကောင်မလေးကတော့ အပြင်ကပါပဲ။ အရပ်ကလဲ အရှည်ကြီးပဲ။ ကျွန်တော်နဲ့ဆို သူဒေါက်စီးလို့မရဘူး။ သူ့ကိုရွေးချယ်ဖြစ်တာက သူကအေးတယ်ဗျ။ အိညှောင့်အိညှောင့်တွေနဲ့အဆင်မပြေတဲ့ ကျွန်တော့်အတွက် သူနဲ့ကတော့ တော်တော့ကို အဆင်ပြေပါတယ်။ သူကိုယ်တိုင်လဲ ဒီသရုပ်ဆောင်အလုပ်လုပ်တာကိုသဘောတူတယ်။

-အစ်ကို့ရဲ့သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အာမခံချက်ပေးနိုင်တာဘာများရှိမလဲ။
ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်။ ကြိုးလဲကြိုးစားနေပါတယ်။ အားလုံးကြိုက်လာတဲ့အထိ ကျွန်တော့ရဲ့ စီနီယာတွေလိုမျိုးပဲ အားလုံးချစ်တဲ့ အနုပညာရှင်တစ်ယောက် ကျွန်တော်ဖြစ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအနုပညာကို ငယ်ငယ်ကတည်းက ၀ါသနာပါပြီး ရူးသွပ်ခဲ့တယ်ပေါ့။ ကျွန်တော့်ရဲ့ဆွေမျိုးတွေ၊ အစ်ကိုတွေ၊ အစ်မတွေဆို အသိဆုံးပါ။ ငယ်ငယ်ကဆို အရမ်းရူးခဲ့ရတယ်။ အဲ့ဒီရူးသွပ်မှုတွေက အခုချိန်မှာ ဒီလိုဖြစ်လာလိမ့်မယ်လို့မသိခဲ့ဘူး။ အခုလိုမျိုးဖြစ်လာခဲ့တယ်ဆိုတော့ ကိုယ့်ရဲ့ရူးသွပ်မှုတွေက အသုံးဝင်ပါစေလို့။ ကျွန်တော်ဆက်ကြိုးစားနေမှာပါ။

Credit: Trend Myanmar



Powered by Blogger.