ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဆေးရုံပို့ပေးမည်ဟုဆိုကာ မောင်းနှင်ထွက်ပြေး



ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု၊ မီးသွေးတိုက်ကျေးရွာအနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး လူနာကိုဆေးရုံ ပို့ပေးမည်ဟုပြောဆိုကာ ကားပြန်ကွေ့ပြီး မောင်းပြေးမှု ဖြစ်ပွားခဲ့ပါတယ်။

 ဖြစ်စဉ်မှာ သြဂုတ်(၂၄)ရက် ညနေ (၆)နာရီမှာ ပဲခူးစုရွာ၊ အိုးဘိုအုပ်စု၊ ကျောင်းကုန်းမြို့နေသူ ဦးအောင်ကြိုင်ဟာ ကျောင်းကုန်းဘက်ကနေ ပဲခူးစုရွာကို ဆိုင်ကယ်နဲ့ ရန်ကုန်-ပုသိမ်ကားလမ်းမအတိုင်း ပြန်လာစဉ် မီးသွေးတိုက်ကျေးရွာအနီးမှာ စက်ဘီးနှစ်စီးနဲ့ လူနှစ်ဦးလဲနေတာကို မြင်တဲ့အတွက် ဆင်းကြည့်တဲ့အခါ တစ်ရွာတည်းနေ အသက်(၂၀)ရှိ မောင်သန်းမြတ်စိုးနဲ့ အသက်(၁၇)နှစ်ရှိ မဇင်မာထွေးတို့ကို ဒဏ်ရာတွေနဲ့တွေ့ရှိပြီး စက်ဘီးနှစ်စီး အနားမှာလည်း လေကာမှန်ကွဲနေတဲ့ အဖြူရောင်ကိုယ်ပိုင် ကားတစ်စီးရပ်ထားတာကို တွေ့ရှိပါတယ်။

 ခဏအကြာမှာ အဆိုပါကားမှ အမည်မသိ လူတစ်ဦးဆင်းလာကာ ဦးအောင်ကြိုင်ထံသို့ရောက်ရှိလာပြီး ဆေးရုံသို့ ပို့ပေးမည်ဟုဆိုကာ ရန်ကုန်ဘက်သို့ ကားပြန်ကွေ့ကာ မောင်းနှင်ထွက်ပြေးသွားခဲ့တဲ့အတွက် အမည်မသိယာဉ်မောင်းကို စုံစမ်းဖော်ထုတ် အရေးယူပေးဖို့ ဦးအောင်ကြိုင်မှ တရားလိုပြုလုပ်ကာ ကျောင်းကုန်းမြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူပေးဖို့ တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

 ဒါ့ကြောင့် ကျောင်းကုန်းမြို့မရဲစခန်းယာဉ်(ပ)၅၇/၂၀၁၆၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၂၇၉/၂၀၂ တို့နဲ့ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း) ပေးပို့တာဖြစ် ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
Powered by Blogger.