ပျက်စီးသွားတဲ့ ပုဂံစေတီပုထိုးတွေကို အတတ်နိုင်ဆုံး ဖူးခွင့်ပေးဖို့ နိုင်ငံတော် သမ္မတပြော
=====================================
လုံခြုံရေးကန့်သတ်ချက်ကလွဲပြီး အတတ်နိုင်ဆုံးဝင်ခွင့်ပေးဖို့ လည်းပြော ခဲ့ပါတယ်။
ပုဂံကိုဘုရားဖူးလာတဲ့ဧည့်သည်တွေကို ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး မှုမရှိတဲ့ စေတီပုထိုးတွေလွတ်လွတ်လပ်လပ်ဝင်ရောက် ဖူးမြော်ခွင့်ပေးဖို့နဲ့ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပွားခဲ့တဲ့ စေတီပုထိုးတွေကိုလည်းလုံခြုံရေးကန့်သတ်ချက်ကလွဲပြီး အတတ်နိုင်ဆုံး ဖူးမြော် ခွင့်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော် က ပြောကြားခဲ့တယ်လို့ သိရပါတယ်။
"သက်ဆိုင်ရာအုပ်ချုပ် ရေးပိုင်းကို ကျွန်တော် မေတ္တာရပ်ခံချင်တာက ပြည် တွင်းရော၊ ပြည်ပရော ပြည်ပခရီးသွား သက်သက်မဟုတ်ပါဘူး။ ဘုရားဖူးလာ တဲ့သူတွေ၊ လေ့လာသူတွေ သူတို့က ဒီနိုင်ငံ၊ ဒါကိုအမြတ်တနိုးလာပြီး လေ့ လာကြတဲ့ သူတွေ။ သူတို့ လာတဲ့အခွင့်အရေး မဆုံးရှုံးအောင် ငလျင်ဒဏ်ခံရလို့ ပျက်စီးသွားတဲ့ ဘုရားတွေရှိတယ်။ ပျက်စီးတဲ့ဘုရားတွေမှာလည်း လွတ်လွတ် လပ်လပ် သွားခွင့်ပေးပါ"လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ပါတယ်။
သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပုဂံမြို့ကစေတီပုထိုး ၁၈၇ဆူ ထိခိုက်ပျက်စီးခဲ့ပြီး စပိန်နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ကြံ့ခိုင်မှု အားနည်းနေတဲ့ စေတီပုထိုးတွေကို ၀င်ရောက်ဖူးမြော်ခွင့် တားမြစ်ထားပါတယ်။
ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့တဲ့ စေတီပုထိုး ၃၄ ဆူကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်နေတုန်းမှာ ၀င်ရောက် ခွင့်ကန့်သတ်ဖို့ ထုတ်ပြန်ကြေညာသွားမယ်လို့မန္တလေးတိုင်းဝန် ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
Source : 7DayDaily