ဖြူးတရားရုံးဝင်းအတွင်း သက်သေတဦး စကေဘာဖြင့် အထိုးခံရ
------------------------------------------------------ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် တရားရုံး ဝင်းအတွင်း၌ စက်တင်ဘာလ ၂၀ ရက်နေ့ မနက် ၁၁ နာရီက သက်သေအဖြစ်အစစ်ခံရန် လာရောက်သည့် အမျိုးသားတဦး စကေဘာဖြင့် အထိုးခံမှု တခု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖြူးမြို့မရဲစခန်း၏မြောက်ဘက် ၁ မိုင်ခန့် အကွာ တွင် တည်ရှိသော ဖြူးမြို့နယ် တရားရုံးဝင်း အတွင်း၌ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပါရမီရိပ်သာနေ ASIA မော်တော်ယာဉ်အသင်းဥက္ကဌ ဦးဝင်းနိုင် (၄၉) နှစ် (ဘ) ဦးနော်ကယားသည် မှုခင်းအမှတ် ၂၈၈/၂၀၁၅ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အမှုနှင့်ပတ်သတ်၍ သက်သေအဖြစ် အစစ်ဆေး ခံရန်အတွက် တရားရုံး အဆောက်အဦး၏ အရှေ့ ၂ ပေ ခန့် အကွာ လူသွားလမ်း၌ စောင်ဆိုင်းနေစဉ် အသက် (၂၀)ခန့်ရှိ အမျိုးသားတဦးမှ စကေဘာဖြင့် ဝင်ရောက် ဆင့်ထိုးခဲ့ကာ ရုံးအပြင်ဘက်သို့ ထွက်ပြေးကာ အသင့် စက်နှိုးထားသော ဆိုင်ကယ်ဖြင့် ထွက်ပြေးရန် ကြိုးစားစဉ် ASIA မော်တော်ယာဉ် လုပ်ငန်းမှ ဝန်ထမ်း ဖြစ်သူ ဦးဆန်နီမှ လုံးထွေးသတ်ပုတ်၍ ဖမ်းဆီးရာ ၎င်းထံမှ အရိုး/အသွား (၁၀) လက်မခွဲခန့်ရှိ သုံးမြှောင့် စကေဘာ ၁ လက် ကျကျန်ခဲ့ပြီး ဆိုင်ကယ်ဖြင့်မောင်းနှင် ထွက် ပြေးသွားခဲ့သည်။
စကောဘာဖြင့်အထိုးခံရခြင်းကြောင့် ဦးဝင်းနိုင်တွင် ရင်ညွန့်အောက်တွင် ထိုးသွင်းစူးဝင် ဒဏ်ရာ(၁)ချက်၊ ဝမ်းဗိုက်အထက်တွင် ထိုးသွင်းစူးဝင် ဒဏ်ရာ(၂)ချက်၊ ယာဘက်ရင်ညွန့် ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိကာ ဖြူးမြို့နယ် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် ဆေးကုသမှုခံယူနေရပြီး တရားခံအားအမြန် ဆုံးဖမ်းဆီးရမိရေးအတွက် နယ်မြေရဲစခန်းမှ စုံစမ်း ရှာဖွေလျှက်ရှိကြောင်း သိရသည် ။ဖြိုးကိုလင်း(ညောင်ဝိုင်း)