ပြည်မြို့၌ တရားမ၀င် ဖွင့်လှစ်ထားသည့် အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်းများကို ညအချိန် ရှောင်တခင် ၀င်ရောက်စစ်ဆေး ဖမ်းဆီး

သတင်းရရှိသည့် နေရာများအား လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်း)
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့အတွင်းရှိ တရားမ၀င် ဖွင့်လှစ်ထားသည့် အနှိပ်ခန်းများကို ညအချိန်များ၌ ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
အဆိုပါ အနှိပ်ခန်းနှင့် ပြည့်တန်ဆာလုပ်ငန်းများ မပြုလုပ်ရန် ဒေသန္တရအမိန့် (၆/ ၂၀၁၆) ကို အောက်တိုဘာ ၆ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီး ကြော်ငြာသင်ပုန်းများတွင် အများသူငါသိစေရန် ထုတ်ပြန်ကြေညာခဲ့ကာ ပညာပေးကာလ မထားရှိဘဲ ဖမ်းဆီးအရေးယူမှုများ ချက်ချင်းလုပ်ဆောင်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးက သိရသည်။
“ကျွန်တော်တို့က ဒေသန္တရ အမိန့်ထုတ်ပြီး ရပ်ကွက်နေပြည်သူတွေကို အသိပေးပါမယ်။ ကြော်ငြာသင်ပုန်းတွေမှာ ကပ်ဖို့အတွက် ရပ်ကွက်နေ ပြည်သူတွေသိအောင်လည်း ကြေညာပါမယ်။ ဒါတွေလုပ်ပြီးသွားရင်တော့ ရှောင်တခင် ၀င်ရောက် စစ်ဆေးမှုတွေ၊ ဖမ်းဆီးအရေးယူတာတွေ လုပ်ပါမယ်။ ဒီကိစ္စတွေ မလုပ်ရဘူးဆိုတာ တစ်နိုင်ငံလုံးလည်း သိထားပြီးသား ဖြစ်ပါတယ်။ ပညာပေး ကာလမရှိပါဘူး။ ဖမ်းဆီး အရေးယူခြင်းသာ ရှိပါမယ်” ဟု ပြည်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဒေါက်တာစစ်အောင်လတ်က ပြောကြားသည်။
အဆိုပါ ကြေညာချက်တွင် စားသောက်ဆိုင်များ၊ ဟိုတယ်မိုတယ်နှင့်၊ တည်းခိုခန်းများ ကာရာအိုကေ၊ နေအိမ်၊ ဘော်ဒါဆောင်များတွင် အနှိပ်ခန်းများ ဖွင့်လှစ်၍ မည်သူမဆို၊ မည်သည့်အချိန်မဆို၊ မည့်သည့်နေရာတွင် မဆို၊ အမျိုးသမီးများထားကာ ပျော်ပါးခြင်း၊ အစားအသောက်များ ကျွေးမွေးရောင်းချခြင်း မပြုလုပ်ရ။ အဆိုပါ စာရိတ္တပျက်ပြားစေသည့် လုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့ရှိရပါက တည်ဆဲဥပဒေအရ လည်းကောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၈၈ အရလည်းကောင်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် လိုင်စင်ရယူထားသည့် လုပ်ငန်းများကိုပါ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။
စစ်ဆေးဖမ်းဆီးမှုများကို အောက်တိုဘာ ၁၇ ရက် ညမှစကာ အခါအားလျော်စွာ သတင်းရရှိသည့် နေရာများအား ညအချိန် ရှောင်တခင် ၀င်ရောက် ရှာဖွေမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များထံက သိရသည်။
“ဖမ်းဆီးစစ်မှုတွေကို ဘယ်အချိန် ဘယ်နေရာမှာဖြစ်ဖြစ် ကျွန်တော်တို့ လုပ်မယ်။ သတင်းရတာနဲ့ ၀င်စစ်ဆေးမယ်။ လုပ်တာတွေ့ရင် ဖမ်းဆီးပြီး လိုင်စင်ရှိရင် လိုင်စင်ပါ ပိတ်သိမ်းမယ်။ ဘယ်သူဘယ်ဝါမို့လို ညှာနေမှာ မဟုတ်ဘူး” ဟု လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသည့် ပြည်မြို့မအမှတ် (၂) ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
Writer: ဝေလင်း (ပြည်)
Ref; Eleven
Source & Photo : http://news-eleven.com/local/26497