တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်ဖို့ မြန်မာပြည်ပြန်လာမယ့် အေးချမ်းမေ
ပရိသတ်များနှင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေသည့် အဆိုတော်အေးချမ်းမေ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို လာမည့် နိုဝင်ဘာအတွင်း ပြုလုပ်မည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ကိုစိုးနိုင် ထွန်းကပြောသည်။ ‘‘နိုဝင်ဘာထဲမှာ မအေးချမ်းမေရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ လုပ်သွားမှာပါ။ ရန်ကုန်နဲ့ မန္တလေးမှာလုပ်ဖို့ စီစဉ်နေပါတယ်။ ဒီဖျော်ဖြေပွဲတွေမှာ မအေးချမ်းမေက သူ့ရဲ့အရင်တုန်းက ပရိသတ်တွေကြား ပေါက်ခဲ့တဲ့ တေးသီချင်းတွေနဲ့ သီချင်းသစ် တွေပေါင်းပြီး ဖျော်ဖြေပေးသွားဖို့ ရှိပါတယ်’’ဟု ၎င်းက ပြောသည်။ အေးချမ်းမေ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲများကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၉ ရက်နှင့် မန္တလေးမြို့၌ နိုဝင်ဘာ ၂၆ ရက်တို့တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း ကိုစိုးနိုင်ထွန်းက ပြောကြားသည်။ လက်ရှိတွင် အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေသည့် အဆိုတော်အေးချမ်းမေက လာမည့် နိုဝင်ဘာ ၁၉ ရက်တွင် တစ်ကိုယ်တော်ဖျော်ဖြေပွဲကျင်းပရန် အတည်ပြုပြီးကြောင်းနှင့် အချိန်ကြာဝေးကွာနေသည့် ပရိသတ်များနှင့် ပြန်လည်တွေ့ဆုံရန် ရင်ခုန်နေကြောင်းကို ၎င်း၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။ အေးချမ်းမေ၏ သီချင်းများသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်က ပရိသတ်များအကြား လူကြိုက်များရေပန်းစားခဲ့ပြီး ယင်းတို့မှ တစ်စစီကျိုးပဲ့နေတယ်၊ ငိုနေမယ်မိုးသည်းထဲမှာ၊ ဇာတ်ဆရာအလိုကျ စသည့်တေးသီချင်းများသည် ယနေ့အချိန်ထိ ပရိသတ်အကြိုက်ဆုံး တေးသီချင်းများဖြစ်ကာ ၎င်း၏ တေးသီချင်းများစွာကို အမျိုးသမီးအဆိုတော်အချို့ ပြန်လည်ဆန်းသစ် သီဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ အေးချမ်းမေသည် တစ်ကိုယ်တော်စီးရီးများအဖြစ် ၁၉၉၃ မှစ၍ ‘ပျော်ရွှင်ခြင်းနိုင်ငံ’၊ ‘JV ၁၅၀၀’၊ ‘ချစ်သူနားဆင်ဖို့’၊ ‘ရင်ခွင်အခန်း’၊ ‘ရပ်တန့်လို့မရနိုင်’ စသည့်စီးရီးများ ထွက်ရှိခဲ့သည်။
7daydaily