ထိုင်းကျောင်းသူအသတ်ခံရမှုတွင် စွပ်စွဲခံထားရသည့် မြန်မာလုပ်သားများကို ရုံးထုတ်စစ်ဆေး
ရနောင်းမြို့တွင် ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားများ ကို ယနေ့ (ဇူလိုင်၂၉ရက်)တွင် ထိုင်းနိုင်ငံ ရနောင်းမြို့ တရားရုံး၌ ပထမဆုံးအကြိမ်ရုံးထုတ် စစ်ဆေးနေကြောင်း သတင်းရရှိသည်။
ရုံးထုတ်စစ်ဆေးရာတွင် တရားလိုပြသက်သေများအဖြစ် သေဆုံးသူ ထိုင်းကျောင်းသူ၏ မိခင်နှင့် အခင်းဖြစ်ပွားရာ အနီးတွင် နေထိုင်သောသူ စသည်တို့ကို စစ်ဆေးမည်ဖြစ်ကြောင်း ရနောင်း လူသတ်မှုတွင် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားလေးဦး၏ အရေးအား ကူညီဆောင်ရွက်ပေးနေသော ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ ကိုမင်းဦးက ပြောသည်။
ယနေ့ ရုံးထုတ်စစ်ဆေးရာတွင် စိန်ကတုံးနှင့် ဝေလင်းတို့ကိုသာ ရုံးထုတ်စစ်ဆေးခဲ့ပြီး မိုးဇင်အောင်နှင့် ကျော်စိုးဝင်းတို့သည် အသက် (၁၅) နှစ်သာရှိသေး၍ ၎င်းတို့နှစ်ဦးကို ကလေးသူငယ် တရားရုံး၌စစ်ဆေးမည်ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် အသက် (၁၈) နှစ်အရွယ် ထိုင်းကျောင်းသူတစ် ဦး အသက်ခံရမှုနှင့်ပတ်သက်၍ မြန်မာရေလုပ်သား မိုးဇင်အောင်၊ စိန်ကတုံး၊ ကျော်စိုးဝင်းနှင့် ဝေလင်းတို့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားခြင်းဖြစ်သည်။
ရနောင်းလူသတ်မှုနှင့်ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က တရားလိုပြသက်သေ ၁၇ ဦး တင်သွင်းထားပြီး ခုနစ်ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆးမည်ဖြစ်သည်။ မြန်မာလုပ်သားလေးဦးဘက်ကလည်း တရားခံပြသက်သေ ၂၀ ဦး တင်သွင်းထားပြီး ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ-မင်းဦး FED