ကျောက်တံခါးမြို့နယ်တွင် တောဆင်ထီးတစ်ကောင် မြားဒဏ်ရာဖြင့် ရေနစ်သေဆုံးလျက် တွေ့ရှိ
****************************************
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာရှိ ရဲနွှယ်ရေထိန်းတံခါး အနီးတွင် ဇူလိုင် ၂၉ ရက်က ‘ဟန်’ ဆင်မျိုး ဟုခေါ်သော တောဆင်ထီးတစ်ကောင် မြားဒဏ်ရာဖြင့် ရေနစ်သေဆုံးလျက် တွေ့ရှိခဲ့ရပြီး ဇူလိုင် ၃၀ ရက်တွင် ကုန်းပေါ်သို့ ဆွဲတင်ကာ မီးရှို့ဖျက်ဆီးခဲ့ရကြောင်း ကျောက်တံခါး မြို့နယ်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဆိုပါ ရေနစ်သေဆုံးနေသည့် တောဆင်ထီးမှာ ၀ဲဘက်အစွယ်အရှည် ၁၆ လက်မနှင့် လုံးပတ် ငါးလက်မ၊ ယာဘက်အစွယ် အရှည် ၁၄ လက်မနှင့် လုံးပတ် ငါးလက်မရှိ အစွယ်များနှင့် အရပ်အမြင့် ကိုးပေ၊ ခါးလုံးပတ် ၁၃ ပေရှိပြီး မြို့ချောင်းကျေးရွာမှ အနောက်ဘက် သုံးမိုင်ခန့်အကွာ ရဲနွယ်ဆည်၊ ရေထိန်းတံခါးအနီးရှိ ရေထဲတွင် ဆင်ထီး၏ လည်ကုပ်၌ ကျိုးကျန်ခဲ့ဟန်ရှိသော မြားခေါင်းတစ်ခု စိုက်လျက် ရေနစ်သေဆုံးနေခဲ့ပြီး မြန်မာ့ဆင်မျိုးများအနက် ‘ဟန်’ ဟုခေါ်သော အစွယ်တို ဆင်မျိုးဖြစ်ကြောင်း သိရသည်။
“မနေ့တုန်းက ၁၂ နာရီလောက်က ကျွန်တော်တို့ဆီ သတင်းရောက်လာတယ်၊ ရဲနွယ်ဆည်ထဲမှာ ဆင်တစ်ကောင် ရေနစ် သေဆုံးတယ် ဆိုပြီးတော့ပေါ့လေ။ အဲဒါနဲ့ ဒီကသစ်တောအဖွဲ့တွေ သွားကြည့်တာပေါ့ဗျာ။ မနေ့က သိသိချင်းတော့ ဆင်က ရေထဲနစ်နေတာဆိုတော့ ကုန်းပေါ်တင်ဖို့ သိပ်မလွယ်ဘူးလေ။ ဆင်က ရေအောက်ကို မြုပ်နေတာဗျ။ မလွယ်တော့ ဒီနေ့ ၃၀ ရက်နေ့ မနက်ကမှ ကျွန်တော်တို့ စက်လှေဘာညာနဲ့ သူ့ကို ဆွဲတင်လို့ရတဲ့ နေရာရောက်တဲ့အထိပေါ့ဗျာ။ ဆွဲတင်ပြီး စစ်ကြည့်တာပေါ့။ စစ်ကြည့်လိုက်တော့ ဒီဆင်ရဲ့ လည်ကုပ်နားမှာ ဒဏ်ရာတစ်ချက်တွေ့လို့ အဲဒီနေရာကို ထပ်ပြီး ခွဲကြည့်တော့ အတွင်းထဲမှာတော့ မြားပေါ့ဗျာ။ ဒူးလေးပဲ ဖြစ်မလားတော့ မသိဘူး။ အဲဒီမြားရဲ့ခေါင်းပိုင်းကို တွေ့ရတယ်ဗျ။ ဒဏ်ရာထဲမှာ မြားခေါင်းတွေ့တော့ ဒါဟာ သမားရိုးကျတော့ မဟုတ်ဘူးပေါ့။ ဒီဆင်က အန္တရာယ် ကြုံတွေ့ထားတဲ့ အနေအထားပေါ့။ တစ်ယောက်ယောက်ရဲ့ ပယောဂကြောင့် သေတာပေါ့။ အဲဒီကောင်ကို ဒီအတိုင်းထားမယ် ဆိုလို့ရှိရင် မသမာသူတွေရဲ့ အစွယ်ဖြတ်တာတွေ၊ အရေခွံခွာတာတွေလည်း ရှိနိုင်သေးတယ်လေ။ ရေမြုပ်ပြီး သေထားတာဆိုတော့ ပုပ်လာလို့ရှိရင်လည်း ပတ်ဝန်းကျင် ကျန်းမာရေးအတွက် မကောင်းဘူး။ ဆင်ဆရာဝန်တွေရဲ့ အကြံပြုချက်နဲ့ ဆင်ရဲ့အစွယ်တွေကို ဖြတ်ယူထားတယ်။ အစွယ်ကတော့ ကျွန်တော်တို့ သစ်တောက ရုံးချုပ်ကို ပို့ရမှာပေါ့နော်။ ဆင်ရဲ့ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကိုတော့ ဒီနေ့ညနေပိုင်းကစပြီး မီးရှို့ဖျက်ဆီး လိုက်ပါပြီ” ဟု ကျောက်တံခါးမြို့နယ် သစ်တောဦးစီးမှူး ဦးစန်းယုက ဇူလိုင် ၃၀ ရက်က ပြောကြားသည်။
Writer: ဇော်ဝင်းချစ် (တောင်ငူ)
EMG