ကားမငှားနိုင်သဖြင့် အိန္ဒိယ အမျိုးသားတစ်ဦး ဇနီးအလောင်းကိုထမ်းကာ ၁၂ ကီလိုမီတာ လမ်းလျှောက်
============================================
ဆေးရုံက ကားအထောက်အပံ့ မပေးနိုင်သည့်နောက် အိန္ဒိယ အမျိုးသား တစ်ဦးသည် ဇနီးသည်၏ ရုပ်အလောင်းကို ထမ်းကာ ၁၂ ကီလိုမီတာ အကွာအဝေးကို လမ်းလျှောက်ခဲ့ကြောင်း သိရသည်။
ဒါနာမက်ဂ်ျဟီစ်နှင့် ဇနီးဖြစ်သူ အေမန်တို့သည် အလွန် ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြသည်။ အသက် ၄၂ နှစ်ရှိ အေမန်သည် ယခုသီတင်းပတ်အတွင်း အော်ရစ်ဆာ ပြည်နယ်ရှိ ဘော်ဝါနီပတ္တနားမြို့မှ ဆေးရုံတွင် တီဘီရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ မက်ဂ်ျဟီစ်က ဇနီး၏ အလောင်းကို ဇာတိကျေးရွာသို့ ပြန်သယ်လိုသော်လည်း ဆေးရုံက ကားအထောက်အပံ့ပေးရန် ငြင်းဆိုခဲ့ကြောင်း သတင်းများက ဆိုသည်။
မက်ဂ်ျဟီစ်က ဆေးရုံနှင့် မိမိ၏ ကျေးရွာသည် ကီလိုမီတာ ၆၀ မျှ ကွာဝေးသောကြောင့် အလောင်းပြန်သယ်ရေး အကူအညီ ပေးပါရန် ပန်ကြားခဲ့သော်လည်း ဆေးရုံမှ တာဝန်ရှိသူများက ငြင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆေးရုံဘက်ကမူ ၎င်း၏ စွပ်စွဲချက်ကို ငြင်းဆန်ထားသည်။
“အမျိုးသမီးက ဩဂုတ် ၂၃ ရက်မှာ ဆေးရုံလာတက်ပါတယ်။ အဲဒီညမှာပဲ ဆုံးသွားတယ်။ သူ့အမျိုးသားက ဆေးရုံဝန်ထမ်းတွေကို ဘာတစ်ခုမှ အသိမပေးဘဲ အလောင်းကို သယ်သွားတာပဲ ဖြစ်ပါတယ်”ဟု ဆေးရုံ၏ ပြန်ကြားရေး တာဝန်ခံ ဘီဘရာမာက ဖြေရှင်းခဲ့သည်။
မက်ဂ်ျဟီကမူ ထိုညတွင် ဇနီးဖြစ်သူ ဆုံးပါးသွားပြီးနောက် ဆေးရုံဝန်ထမ်းများက အလောင်းကို သယ်ယူရန် လာရောက် ခိုင်းစေခဲ့ကြောင်း၊ နောက်တစ်နေ့ မနက်တွင် မိမိသည် ဇနီးအလောင်းကို ထမ်းပြန်ခဲ့ကြောင်း ဆိုသည်။ “ကျွန်တော် ပြောပါသေးတယ်။ ကားတစ်စီးလောက် စီးဆင်းပေးဖို့ပါ။ ဒါပေမဲ့ တစ်စီးမှ မရှိဘူးလို့ ပြောကြတယ်။ ကျွန်တော်က အရမ်းဆင်းရဲပါတယ်။ ပုဂ္ဂလိကပိုင် ကားတစ်စီး ငှားဖို့ မတတ်နိုင်ဘူး။ ဒီတော့ သူ့အလောင်းကို ကိုယ်တိုင်ထမ်းပြန်ဖို့ကလွဲရင် ရွေးစရာ မရှိတော့ဘူးလေ”ဟု ၎င်းက ရှင်းပြခဲ့သည်။
ဩဂုတ် ၂၄ ရက် မနက်အစောပိုင်းတွင် မက်ဂ်ျဟီသည် ဇနီး၏ အလောင်းကို အဝတ်များ၊ စောင်များဖြင့် ထုပ်ပိုးပြီး ပခုံးပေါ်တွင် ထမ်းသယ်ခဲ့သည်။ ထို့နောက် ၁၂ နှစ်အရွယ် သမီးဖြစ်သူ ချောင်လာနှင့်အတူ ခရီးရှည် လမ်းလျှောက်မှုကို စတင်ခဲ့သည်။ မက်ဂ်ျဟီအနေဖြင့် လမ်းတွင် ခဏမျှစီ ခရီးတစ်ထောက် နားခဲ့ရပြီး ၎င်း၏ ဝန်စည်စလွယ်မှာ ပုံသဏ္ဍန် ထူးခြားနေသည်ကို ပတ်ဝန်းကျင်တွင် ရှိနေသူများ သတိပြုမိလာသည်။ ထို့နောက် ဝိုင်းဝန်းမေးမြန်း စုံစမ်းရာမှ အဖြစ်မှန်ကို သိရှိပြီးနောက် ဆေးရုံသို့ ဆက်သွယ် အရေးဆိုခဲ့ကြသည်။ နောက်ဆုံးတွင်မူ ဆေးရုံက ဆေးရုံကားတစ်စီး စေလွှတ်ပေးခဲ့ပြီး အလောင်းကို သယ်ယူနိုင်ခဲ့သည်။ ဩဂုတ် ၂၄ ရက် ညနေပိုင်းတွင် အေမန်ကို မယ်လ်ဂါရှိ ဇာတိကျေးရွာတွင် မြှုပ်နှံ သင်္ဂြိုဟ်နိုင်ခဲ့သည်။
ဘော်ဝါနီပတ္တနားမြို့ တည်ရှိရာ ခါလန်ဟန်ဒီခရိုင် အုပ်ချုပ်ရေးမှူးက သူမအနေဖြင့် မက်ဂ်ျဟီ၏ ခရီးစဉ်အကြောင်း ကြားမိသည်နှင့် ဆေးရုံကားတစ်စီး စီစဉ်ပေးနိုင်ရန် ချက်ချင်း ဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။ “ဒေသဆိုင်ရာ အာဏာပိုင်တွေကို ရူပီး ၂၀၀၀ လောက် အထောက်အပံ့ပေးပြီး နာရေးကူညီမှု အသင်းတစ်ခုဆီက ကားငှားဖို့ လှမ်းပြောခဲ့ပါတယ်။ ဒီမိသားစုကို ကြက်ခြေနီ အသင်းကလည်း ရူပီးငွေ ၁၀၀၀၀ ထောက်ပံ့မှာပါ”ဟု သူမက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလတွင် ပြည်နယ်အစိုးရက အလောင်းများကို နေရပ်ပြန်လည် သယ်ယူနိုင်ရန်အတွက် ရေခဲတိုက် အသုံးပြု ဆေးရုံကားများ ထောက်ပံ့ရေး ရန်ပုံငွေ တစ်ရပ်ကို သတ်မှတ်ခဲ့သော်လည်း လက်တွေ့တွင်မူ အော်ရစ်ဆာ၌ အလောင်းများကို စက်ဘီး၊ ထရော်လီ တွန်းလှည်း၊ လန်ချားတို့ပေါ် တင်ဆောင်ကာ နေရပ် ပြန်သယ်ရမှု အများအပြား ရှိခဲ့ကြောင်း သိရှိရသည်။
Ref: BBC
Credit to 7daydaily
http://www.7daydaily.com/story/73840