ကူးစက်ရောဂါကြောင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လူ ၃၄ ဦးသေဆုံး



==================

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက လဟယ်နဲ့ နန်းယွန်းမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာမှာ ကူးစက်ရောဂါ တမျိုးကြောင့် လူ ၃၄ ဦးသေဆုံးသွားပါတယ်။
ဇွန်လဆန်းပိုင်းကတည်းက အဆိုပါ ကူးစက်ရောဂါဖြစ်ပွားနေတာဖြစ်ပြီး လဟယ်မြိုမှာ လူပေါင်း ၂၂ ယောက်နဲ့နန်းယွန်းမြို့နယ်မှာ ၁၂ ယောက်သေဆုံးသွားပြီဖြစ်ပြီး အများစုက ကလေးငယ်တွေ ဖြစ်တယ်လို့ လဟယ်မြို့နယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးလော်ယုံက ပြောပါတယ်။
“မနေ့က စာရင်းအရဆိုရင် လဟယ်မြို့နယ်ထဲမှာ ၂၂ ယောက်ရှိပြီ။ နန်းယွင်းမြို့နယ်ကို ဆက်ကူးတယ်။ နန်းယွန်းမှာ ၃ ရွာလောက်ဖြစ်တယ်။ ၃ ရွာပေါင်း ၁၂ ယောက်လောက်ရှိပြီ သေတာ။”
လဟယ်မြို့နယ်အတွင်းက ထန်ခေါ်လန်မ၊ ထန်ခေါ်နောက်ကုန်း၊ ခမ္မလား၊ လန်းတိုင်းနဲ့ ရှိန်းဘ ကျေးရွာတွေမှာ ဖြစ်ပွားနေပြီး နန်းယွန်းမြို့နယ်မှာ ကျဲဆန်ကားလန်၊ ကျဲဆန်စာလျင်၊ ကျဲဆန်ဘုန်လွန်း စတဲ့ရွာတွေမှာ ကူးစက်ရောဂါဖြစ်ပွားနေတာဖြစ်ပါတယ်။ 
အဆိုပါကျေးရွာတွေဟာ အိမ်ခြေ ၄၀ ကနေ ၁၀၀ ကြားရှိတဲ့ကျေးရွာတွေဖြစ်ပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့အတွက် လဟယ်မြို့ကနေသွားရင် ဆိုင်ကယ်နဲ့ ၁ ရက်၊ ခြေလျင်နဲ့ ၂ ရက်ပေါင်း ၃ ရက်ခရီးသွားရတာလို့လည်း ဦးလော်ယုံက ပြောပါတယ်။
ရောဂါဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရကိုတင်ပြထားပြီး ဒီကနေ့မှာပဲ တိုင်းဒေသကြီးကြီးက ဆရာဝန်တွေကို စေလွှထားတယ်လို့လည်း ဦလော်ယုံက ပြောပါတယ်။
“လုပ်နေပါတယ်။ ဆရာဝန်တွေ ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီးတော့မှ ဆေးကုတယ်။ ပြန်လာပြီးတော့မှ ကျန်းမာရေးဆရာမနဲ့ ဆေးမှူးတွေ ပြန်ပြီးနေရာချထားတယ်။ နန်းယွန်း မြို့နယ်ကျတော့ ဆရာဝန်တွေ မနက်ဖြန်လောက်ဆိုရောက်သွားလောက်မယ်။ သူတို့ မနေ့ကတည်းက နန်းယွန်းကနေထွက်ပြီးတော့ တုန်းထီးရွာမှာ ညအိပ်တယ်။ အဲဒီကနေ ခြေလျှင်ခရီးသွားမှာ။”
အဆိုပါရောဂါ လက္ခဏာမှာ ခန္ဓာကိုယ်မှာ အပူးအပိန်းတွေထွက်ပြီး မျက်စိတွေနီလာသလို ချောင်းဆိုးပြီး သွေးတွေအန်တာတွေဖြစ်တယ်လို့လည်း ပြောပါတယ်။
အစိုးရပြန်ကြားရေးက ထုတ်ပြန်တဲ့ သတင်းမှာတော့ လဟယ်မြို့နယ် ထန်ခေါ်နောက်ကုန်း အုပ်စု ထန်ခေါ်လန်မကျေးရွာမှာ ဇွန်လ ၆ ရက်ကစပြီး ဖျားနာခြင်း၊ မျက်စိနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ လမ်းကြောင်း ပိုးဝင်ခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှောစတဲ့ ရောဂါနဲ့ အခြားရောဂါတွေကြောင့် ကလေးငယ်တွေနဲ့လူကြီးတချို့ သေဆုံးလျက်ရှိကြောင်း ဖြော်ပထားပါတယ်။ 
အဆိုပါကျေးရွာမှာ လူနာပေါင်း ၁၆၂ ဦး ကွင်းဆင်းကုသပေးခဲ့ပြီး သေဆုံးသူ ၁၈ ဦး ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။ 

DVB

 http://burmese.dvb.no/archives/162140
Powered by Blogger.