မန္တလာသီရိကွင်းထဲက ထိုင်ခုံဖျက်ဆီးသူတွေကို ရဲ ဘာကြောင့် အရေးမယူသေးတာလဲ
သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက မန္တလေး ၊ မန္တလာသီရိ ဘောလုံးကွင်းမှာ ပြုလုပ်တဲ့ AFF Myanmar Women's Championship 2016 ဆီမီးဖိုင်နယ်ပွဲစဉ်ဒုတိယပွဲ(မြန်မာ-ဗီယက်နမ်) ဘောလုံးပွဲ မှာ ပွဲကြည့်ပရိသတ်အချို့ရဲ့ အကြောင်းမဲ့သက်သက် ထိုင်ခုံရိုက်ချိုးဖျက်ဆီး မှု တွေအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက တိုင်ကြားအမှုဖွင့်လာရင် CCTV မှတ်တမ်းတွေ ကြည့်ရှူပြီး ဖော်ထုတ်အရေးယူဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ အကြီးတန်းရဲအရာရှိကြီးတစ်ဦးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
ဒီလို အကြောင်းမဲ့ရိုက်ချိုးဖျက်ဆီးခဲ့တာတွေနဲ့ ပတ်သတ်ပြီး လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဘောလုံးအဖွဲ့ချုပ် တို့က တစ်စုံတစ်ရာ
တိုင်ကြားခြင်းမရှိသေးဘူးလို့လည်း အဆိုပါ အကြီးတန်းရဲအရာရှိကြီးက
ဆိုပါတယ်။ အထက်ပါအရာရှိရဲ့ပြောပြချက်အရဆိုရင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးဟာ ကျပ်သိန်း ၂၀ ကျော်ရှိခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး အားကစားနဲ့ ကျန်းမာရေး ၀န်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ရှိသူတစ်ဦးက အခုလိုဖြေကြားခဲ့ပါတယ်။
"တစ်ကယ်တော့ ပွဲထဲမှာလုံခြုံရေးယူထားသူတွေရှိပါတယ်။ သူတို့ ကတစ်ခါတည်း ဖမ်းဆီးလို့ရပါတယ်။ အရင်ကလည်း ဒါမျိုးဖြစ်ဖူးပါတယ်။ ကျွန်တော်တို့က ဘောလုံးကွင်းကို ငှားပေးလိုက်တာပါ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို။ ဒီကိစ္စက ကျွန်တော်တို့ ဦးစီးဌာနနဲ့ မဆိုင်ဘူးတော့မဟုတ်ပါဘူး။ တစ်ကယ်တော့ ဒီပျက်စီးမှုတွေကို ဦးဇော်ဇော်က တိုင်ကြားမယ် အရေးယူခိုင်းမယ်ဆိုလည်းရပါတယ်။ ဒါပေမဲ့ အရင်တုန်းကဖြစ်တုန်းကလည်း ဦးဇော်ဇော်က သူပဲစိုက်လျော်ပေးပါတယ်။ အခုလည်းပျက်စီးမှုတွေ အတွက် သူပဲလျော်မယ်ထင်တာပဲလေ။ ဒီလောက်တန်ဖိုးကသူတို့အတွက် ဘယ်လောက်မှလည်းမရှိဘူးဆိုတော့ ။ သူ့ပရိသတ်ကိုတော့ သူအရေးမယူခိုင်းလောက်ပါဘူး။ ကျွန်တော်တို့ထင်တာကိုပြောတာပါ။ ကျွန်တော်တို့ဦးစီးဌာနကလည်းဒီကိစ္စကို ဘယ်လိုလုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာမရှိသေးပါဘူး " လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ညွှန်ကြားရေးမှူးဦးဌေးအောင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်
။
ဘောလုံးအဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ရာမှာလည်း အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးက အမှုဖွင့်ဖို့မရှိဘူးလို့ပြောပါတယ်။
"လုံခြုံရေးပိုင်းဆိုင်ရာက အရေးယူရမှာပါ။ ကျွန်တော်တို့ကတော့ အမှုဖွင့်အရေးယူဖို့ဆိုတာထက် ပညာပေးဖို့ပဲရှိတယ်။ နိုင်ငံတကာပွဲဆို ဒီလိုဖြစ်ရပ်က ကျွန်တော်တို့ အများကြီးအရေးယူခံရမှာ။ ဒီလိုလုပ်တာကလည်း ပရိသတ် လေးငါးခြောက်ဦးပဲရှိပါတယ်။ ဒီလိုမဖြစ်အောင် ကျန်တဲ့ ပရိသတ်တွေအနေနဲ့ စည်းရုံးတားစည်း ပေးစေချင်ပါတယ်။ သေချာကတော့ မနေ့က ပွဲကိစ္စမှာ သူတို့ဘက်က ရီပို့တွေရေးပြီးတင်ကြမှာပဲ ။ ဒီအတွက် မြန်မာဆိုတဲ့ ဂုဏ်သိက္ခာ ကျတာပေါ့ဗျာ။ ကျွန်တော်တို့ အပေါ်ကိုလည်း ဒဏ်ရိုက်တာတွေ ဘာတွေ လုပ်နိုင်တယ်။ ဒီအပေါ် အမှုဖွင့်တိုင်ဖို့ဆိုတာထက် တားဆီးဖို့လိုတယ်ဗျ။ သက်ဆိုင်ရာအာဏာပိုင်လုံခြုံရေးတွေကသူတို့ပွဲထဲမှာရှိတာပဲ။ ဒါကို ကြိုတင်ဟန့်တား ဖို့လိုတယ်ခင်ဗျ။ သူတို့မှာ CCTV မှတ်တမ်းတွေရှိတာပဲ။ ဒီအပေါ်မှာ တစ်စုံတစ်ရာတားဆီးတာတွေမရှိတော့ နောက်နောင်တစ်ခုခုဖြစ်တိုင်း ပရိသတ်အချို့က ပွဲထဲကိုပစ္စည်းတွေပစ်တာတို့ ၊ ထိုင်ခုံတွေရိုက်ချိုးတာတို့ ထပ်လုပ်ဦးမှာပဲ။ ဒီထိုင်ခုံဖျက်ဆီးနေတဲ့ ဗီဒီယိုကိုကျွန်တော်လည်း ကြည့်လိုက်ပါတယ်။ အဲ့ကောင်လေး တစ်ကောင်ထိုင်ခုံကို ဖျက်ဆီးနေတာ ၁၀ မိနစ်လောက်ကြာပါတယ်။ ဘေးနားမှာ ပရိသတ်တွေ
အများကြီးရှိပါတယ်။ တစ်ကယ်ဆို ဘေးကလူတွေက ဒါဟာမလုပ်သင့်ဘူး၊ ပွဲနဲ့ ဘာမှမဆိုင်ဘူး ဆိုတာမျိုး အနည်းငယ်တော့ ၀င်ပြီးပြောပြပေးသင့်ပါတယ်။ ပြောချင်တာက ဒိုင်လူကြီးကို မကျေနပ်လည်း ကျွန်တော်တို့ ဘာမှလုပ်လို့မရဘူး။ ပြိုင်ပွဲအရ တစ်နိုင်ငံလုံးမကျေနပ်လည်းပယ်နယ်တီကပေးခံရမှာပဲ။ ဒါကို နားလည်ပေးဖို့လိုပါတယ်" လို့ သူက ပြောပါတယ်။
သြဂုတ်လ ၂ ရက်နေ့က ကန်ခဲ့တဲ့ မြန်မာ-ဗီယက်နမ် ဆီမီးဖိုင်နယ်ပွဲစဉ်ဒုတိယပွဲ ဟာ ဒုတိယပိုင်းပြီးခါနီး ဗီယက်နမ်ဘက်ကို ပေးလိုက်ရတဲ့ ပယ်နယ်တီတစ်လုံးကိစ္စကနေ စပြီး ဘောလုံးပွဲကို ခေတ္တခဏ ရပ်နားပြီး တာဝန်ရှိသူတွေက ပရိသတ်ကို တောင်းပန်ရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။
credit:Popular News Journal
photo:Ma Jor