မြောက်ကိုရီးယားက ဂျပန်ရေပြင်သို့ ပထမဆုံးအကြိမ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်
==================
မြောက်ကိုရီးယားသည် သြဂုတ် ၃ ရက်က ဂျပန်နိုင်ငံမြောက်ပိုင်းရှိ ကမ်းလွန်ပင်လယ်ပြင်သို့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့သည်ဟု သိရသည်။ ယင်းလုပ်ရပ်နှင့် ပတ်သက်၍ ဂျပန်က ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ယခင်ကတည်းက မြင့်တက်နေသည့် အမေရိကန်၊ တောင်ကိုရီးယားတို့နှင့် မြောက်ကိုရီးယား ဆက်ဆံရေးမှာမူ ပိုမိုဆိုးရွားလာခဲ့သည်။
မြောက်ကိုရီးယားသည် တာလတ်ပစ် နိုဒေါင်ဒုံးကျည်နှစ်စင်းကို အမှန်တကယ် ပစ်ခတ်ခဲ့ပြီး ယင်းတို့အနက် တစ်စင်းသည် စတင်ပစ်ခတ်ပြီးချိန်မှာပင် ပေါက်ကွဲသွားဖွယ်ရှိကြောင်း အမေရိကန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားတွင် အမေရိကန် အဆင့်မြင့် ဒုံးခွင်းစနစ်အား ချထားမည့်အစီအစဉ်နှင့် ပတ်သက်၍ မြောက်ကိုရီးယားက ကိုယ်တိုင်ကိုယ်ကျ တုံ့ပြန်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး မကြာမီမှာပင် ယခုပစ်လွှတ်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် တောင်ကိုရီးယား-အမေရိကန်တို့၏ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု စတင်ရန်အချိန်မှာလည်း သီတင်းပတ်အချို့သာ လိုတော့သည်။
ဂျပန်၏ ထုတ်ပြန်ချက်အရ မြောက်ကိုရီးယား၏ ဒုံးကျည်တစ်စင်းသည် ဂျပန်၏ မြောက်ဘက်ကမ်းရိုးတန်းနှင့် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) အကွာသို့ ကျရောက်ခဲ့ခြင်း ဖြစ်ပြီး ယင်းနေရာသည် ဂျပန်၏ အထူးစီးပွားရေးဇုန် (EEZ) နေရာလည်း ဖြစ်ကြောင်း သိရသည်။ “ဒါဟာ ကျွန်တော်တို့နိုင်ငံအတွက် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုပါ။ ဘယ်လိုမှ သည်းခံနိုင်စရာ မကောင်းတဲ့လုပ်ရပ် ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား ဒုံးကျည်တစ်စင်းသည် ဂျပန်အထူးစီးပွားရေးဇုန်ထဲသို့ ကျရောက်မှုသည် ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။ ဂျပန်အစိုးရ၏ ထိပ်တန်းပြောခွင့်ရပုဂ္ဂိုလ် ရိုရှီဟီဒေဆူဂါက မြောက်ကိုရီးယားသည် ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “လေယာဉ်တွေ၊ သင်္ဘောတွေ လုံခြုံရေးအတွက် ဒါဟာ တကယ့်ကို အန္တရာယ်ရှိတဲ့ လုပ်ရပ်ပါပဲ”ဟု ဆူဂါက ပြောကြားခဲ့သည်။
အမေရိကန်ကလည်း ထိုစမ်းသပ် ပစ်လွှတ်မှုသည် မြောက်ကိုရီးယားကို ပဲ့ထိန်းဒုံးကျည် နည်းပညာမသုံးရန် တားမြစ်ပိတ်ပင်ထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စည်းမျဉ်းကို ရှင်းရှင်းလင်းလင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။ “ဒီရန်စမှုဟာ ပိတ်ပင်ခံထားရတဲ့ မြောက်ကိုရီးယား လုပ်ရပ်တွေကို ရင်ဆိုင်မယ့် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဆုံးဖြတ်ချက်ကို ပိုမို ခိုင်မာစေပါတယ်”ဟု ပင်တဂွန်၏ ပြောခွင့်ပုဂ္ဂိုလ် ဂယ်ရီရို့စ်က ပြောကြားခဲ့သည်။
ရိုဒေါင်သည် အဆင့်မြင့်သော မူကွဲ စကဒ် ဒုံးကျည်အမျိုးအစားဖြစ်ပြီး ကီလိုမီတာ ၁၃၀၀ (မိုင် ၈၀၀) အထိ ပစ်နိုင်ကြောင်း သိရသည်။
Credit
Eleven Media Group
http://www.news-eleven.com/international/23214