ချောက် မြို့ အ နောက် ဘက် ၁၂ မိုင် ခန့် အ ကွာ ကို ဗ ဟို ပြု ၍ အင် အား ပြင်း ထန်သော မြေငလျင် လှုပ်ရှား၊ ပု ဂံ ရှေး ဟောင်း ယဉ် ကျေး မှု နယ် မြေ ရှိ စေတီပုထိုးများ အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး အချို့တွင် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ် ခဲ့


နေပြည်တော် သြဂုတ် ၂၄

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၂၃ မိုင် ခန့်အကွာ ချောက်မြို့၏ အနောက်ဘက်၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ရှေးဟောင်း ဘုရားစေတီ ၁၈၅ ဆူခန့် ထီးတော်ယိုင်ခြင်း၊ စိန်ဖူးတော်မြေခခြင်း ၊ ဖောင်းရစ်များ အက်ကွဲခြင်းတို့ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ထို့အတူ စလေဒေသ၌ ဘုရားစေတီ ကိုး ဆူ၊ မြောက်ဦးဒေသတွင် စေတီပုထိုး သုံးဆူ၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် စေတီ ပုထိုး ခုနှစ်ဆူတို့ ပျက်စီးမှုများ ရှိခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ကောက်ခံရရှိသော စာရင်းများအရ သိရသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မြို့မဈေးကြီး၏ အရှေ့ဘက် ကြမ်းကိုင်ကျွန်း ဘုရားဝင်းအတွင်း စေတီတော် ပြိုကျခြင်း၊ ရှားပင်ရိုးကျေးရွာတွင် လူနှစ်ဦး သေဆုံးခြင်း၊ မင်းဘူးမြို့ နဂါးပွက်တောင်တွင် ရွှံ့ရေပူလျှံ ကျလာခြင်းနှင့် အဆောက်အအုံ အချို့ပျက်စီးခြင်း၊ ပခုက္ကူမြို့နယ်၌ ပုဂ္ဂလိက ဆေးပေါင်းရုံပြိုကျ၍ လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခြင်း ၊ ကွမ်းရွာတွင် လူတစ်ဦး သေဆုံးခြင်း၊ မင်းလှမြို့နယ်တွင် ဘုရားစေတီ တစ်ဆူ စိန်ဖူးတော်မြေခခြင်း၊ အိမ်အချို့ပြိုကျ ပျက်စီးခြင်း၊ ချောက်မြို့နယ်တွင် အဆောက်အအုံနှင့်နေအိမ်အချို့ ပျက်စီးခြင်း၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရတနာ့ မာန်အောင်စေတီတော်ပြိုကျခြင်း၊ စစ်တွေမြို့နယ်တွင် ဓာတ်တိုင်များ ယိမ်းယိုင်နဲ့ခြင်း၊ မကွေးမြို့တွင် မြသလွန်ဘုရား ထီးတော်ဟောင်း ထားရှိသော အဆောက်အအုံ ပေ ၂ဝ ခန့်အက်ကွဲခြင်း၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ ဘုန်းကြီး ကျောင်း အုတ်နံရံပြိုကျခြင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာ ရှင်ပင်ဂူဘုရားစေတီတော်၏ ဖောင်းရစ် ကြာမှောက်ကြာလန် အက်ကွဲ၊ ထီးတော်ပြုတ်ကျခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် ငလျင်သတင်း ရလျှင်ရချင်း အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆက်လက် ညှိ့နှိုင်း ဆောင်ရွက်ခြင်း၊ အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းများအတွက် ကြိုတင် စုဖွဲ့ထားခြင်း၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပြည်တွင်းပညာရှင် အဖွဲ့များ ဖြစ်သော မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ကဲ့သို့သော အဖွဲ့အစည်းများ၊ ပြည်ပအဖွဲ့အစည်းများ ဖြစ်သော USGS, TMD အဖွဲ့အစည်းများမှလည်း သတင်းများ အဆက်မပြတ် ချိတ်ဆက်ရယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အလားတူ ငလျင်ဒဏ်ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် နယ်မြေဒေသများတွင် နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ငလျင်ကြီးဖြစ်ပွားပြီးချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့် အတွက်လည်း ပြည်သူလူထုအနေဖြင့် သတိပြုနေထိုင်သင့်ကြောင်း၊ ပြည်သူလူထု အနေဖြင့် သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်သော သတင်းအချက်အလက် များကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နှာ (Relief and Resettlement Department-Myanmar)တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပြီးယခုငလျင် ဘေးအန္တရာယ်သည် မြေအောက် အနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလမှစ၍ ယခုလှုပ်ခတ်ခဲ့သည့် ငလျင်အထိ ငလျင် ၂၆ ကြိမ် လှုပ်ခတ်ခဲ့ပြီး ယနေ့လှုပ်ခတ်ခဲ့သည့် မြေငလျင်သည် အင်အားအပြင်းထန်ဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပြီး ဧပြီ ၁၃ ရက်က ကလေးမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်မှာ ဒုတိယအင်အား အပြင်းဆုံး ငလျင်ဖြစ်ကြောင်း သိရသည်။

Ref မြဝတီ
Powered by Blogger.