ဆီဆိုင်မြို့တွင် လူငယ်ချင်း စကားများရန်ဖြစ်ရာမှ ဓားခုတ်မှု ဖြစ်
===================
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း စက်တင်ဘာ(၉)ရက်နေ့ နံနက်ပိုင်းက လူငယ်ချင်းစကားများရာမှ ဓားခုတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဆီဆိုင်မြို့မရဲစခန်းမှ သိရသည်။
"လူငယ်ချင်းစကားများရန်ဖြစ်ပြီး ဓားနဲ့ခုတ်ကြတာ ကောင်လေးတစ်ယောက်တော့ လည်ပင်းမှာ ဓားခုတ်ဒဏ်ရာရသွားလို့ ဆေးရုံပို့ထားတယ် ဒဏ်ရာက ပြင်းထန်တယ်"ဟု ဆီဆိုင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဓားခုတ်မှုဖြစ်ပွားသည့်ကျေးရွာမှာ ဆီဆိုင်မြို့နယ်၊ နောင်ကျေးရွာအုပ်စုအတွင်းရှိ အောင်ကလပ်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားကျေးရွာမှလာသော လူခဲ(ခ)အောင်ကိုနိုင်မှ အောင်ကလပ်ကျေးရွာတွင် နေထိုင်သည့် စိုင်းပြည့်စုံနှင့်စကားများရန်ဖြစ်ကာ ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓားခုတ်မှုဒဏ်ရာကြောင့် စိုင်းပြည့်စုံ(ခ)မျိုးကိုဆိုသူမှာ လည်ပင်းတွင် ဓားဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးကုသမှုခံယူလျှက်ရှိကြောင်းနှင့် ဆီဆိုင်မြို့မရဲစခန်းမှ လွိုင်လေးကျေးရွာနေ လူခဲ(ခ)အောင်ကိုနိုင်အား (ပ)၂၃/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၄၅၁/၃၂၆ ဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။
သတင်း - နိုနို
ဓာတ်ပုံ - ရဲတပ်ဖွဲ့
============
Tachileik News Agency

