ဆယ်တန်းဆက်မဖြေဘဲ ဂီတလောကထဲ ခြေစုံပစ်ဝင်ခဲ့သူ ရွှေထူး
ကျွန်တော်က ဘာလဲဆိုတော့ Do or Die လုပ်ခဲ့တာ။ အဲဒီအတွက် ကျွန်တော်ဆယ်တန်းကိုလည်း ပြန်မဖြေတော့ဘူး။ ခွေးဖြစ်ရင်လည်းဖြစ်၊ သူဌေးဖြစ်ရင်လည်းဖြစ် ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တယ်။ကျရှုံးသွားလည်း နောင်တရမှာ မဟုတ်ဘူး။
ရွှေထူး။ မုန်းသူတွေများသလို ချစ်သူတွေလည်း သိပ်ပေါတဲ့ရွှေထူး။ R&B Pop မြူးဇစ်နဲ့ဟုန်းဟုန်းတောက်အောင်မြင်လာခဲ့တစ်ယောက်လည်းဖြစ်တယ်။ ဒါပေမဲ့ အခုလို အောင်မြင်လာဖို့ သူဟာဆယ်ကျော်သက်ဘ၀ ကတည်းက ကျားကုတ်ကျားခဲ ကြိုးစားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဆယ်တန်းစာမေးပွဲကို ဆက်မဖြေဘဲ ဒေါင်ကျကျပြားကျကျဆိုတဲ့ စိတ်တစ်ခုနဲ့ ဂီတလောကကို တစ်ဘ၀လုံးစာပစ်ဝင်ခဲ့သူတစ်ဦး၏လည်းဖြစ် တယ်။ အခု သူပါဝင်တဲ့ MODA Men ကဏ္ဍကနေ သူနဲ့တွေ့ဆုံထားတဲ့ အင်တာဗျူးကိုတင်ဆက်လိုက်ပါတယ်။

"ပက်ပက်စက်စက်ညှို့ " ဇာတ်ကားလည်း ရိုက်ကူးမယ်သိရတော့ ဇာတ်ကားရိုက်ကူးဖို့အတွက် ဘာတွေလုပ်နေလဲ။ ဘာတွေလေ့လာနေလဲ။
လေ့လာဖြစ်တဲ့ပုံစံကတော့ ကျွန်တော် နိုင်ငံခြားရုပ်ရှင်ကားတွေကြည့်ဖြစ်တယ်။ ဇာတ်ညွှန်းကို ကျွန်တော်ကြေညက်အောင်ဖတ်နေတယ်။ အိမ်မှာဆိုလည်း ကိုယ်လုံးပေါ်မှန်အကြီးကြီးနဲ့တစ်ယောက် တည်းလေ့ကျင့်ဖြစ် တယ်။ အဓိကကတော့ ကာရိုက်တာပေါ့။ ကာရိုက်တာက ကျွန်တော့်အပြင်ကာရိုက်တာပဲ။ အဲဒီကားထဲမှာ ကာရိုက်တာကလည်း လူဆိုးလိုလို၊ ဂျစ်ကန်ကန်နဲ့ အချိုးမပြေတဲ့ပုံစံဆိုတော့ အဲဒါကြောင့်လည်း ကျွန်တော် လက်ခံဖြစ်ခဲ့တာ။
ဘယ်တော့ စရိုက်မှာလဲဗျ။
၂၀၁၇၊ ၁ လပိုင်း၊ ၈ ရက်နေ့၊ ပြင်ဦးလွင်မှာရိုက်မယ်လို့တော့ လောလောဆယ်ကျွန်တော်သိထားတယ်။
ဆက်ပြီးတော့ရော ဒီရုပ်ရှင်သရုပ်ဆောင်ဘက်ကို ဘယ်လိုဆက်သွားမှာလဲ။ ဒီကားရဲ့အောင်မြင်မှုအတိုင်းအတာကိုကြည့်ပြီးခရီးဆက်မှာလား။ ကိုယ်နဲ့ လိုက်ဖက်မယ်ထင်တဲ့ကာရိုက်တာတွေရောက်လာခဲ့ရင်ရော ရိုက်ဖြစ်သွားမှာလား။
ကျွန်တော်ရုပ်ရှင်ရိုက်မှာမဟုတ်ပါဘူး။ ကျွန်တော်သီချင်းပဲဆိုမှာပါ။ အဆိုတော်ပဲလုပ်သွားမှာပါ။ ရုပ်ရှင်ရိုက်တယ်ဆိုတာက ကျွန်တော်က ပရိသတ်ကို ကျွန်တော်လုပ်ပြချင်တဲ့ အနုပညာပုံစံတစ်မျိုးကို ပြချင်တာပါ။ ဒီကား အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေပေါ့။ ကျွန်တော့်ကို နောက်ထပ်လာကမ်းလှမ်းမယ်ဆိုပါစို့။ လာကမ်းလှမ်းလို့ရှိရင် ကျွန်တော်ကြိုက်တဲ့ကာရိုက်တာမျိုး၊ ကျွန်တော်လုပ်နိုင်တဲ့ကာရိုက်တာ မျိုး၊ နောက်ပြီးတော့ ပရိသတ်ကို မေ့ဆေ့ခ်ျတစ်ခုခုပေးနိုင်မယ့် ဇာတ်လမ်းမျိုးဆိုရင်တော့ ကျွန်တော်လက်ခံသွားဖို့ရှိပါတယ်။

ရှိုးလက်ခံဆိုတာကရော ဘယ်လိုမျိုးလက်ခံဖြစ်လဲ။ တစ်ချို့ ပွဲတွေအတွက် စာချုပ်ချုပ်တာတွေလည်းတွေ့ရတော့လေ။
စာချုပ်နဲ့လုပ်တာ မရှိပါဘူး။ နည်းပါတယ်။ VeVe နဲ့ကကျတော့ ကျွန်တော်က Brand Ambassador ဆိုတော့ VeVe နဲ့ကတော့ စာချုပ်ရှိပါတယ်။ ရှိုးပွဲတော်တော်များများကိုတော့ ကျွန်တော်ပုံမှန်ပဲလက်ခံဖြစ်ပါတယ်။
ကိုရွှေထူးရဲ့ ပထမဆုံး စင်ပေါ်ရှိုးကို မှတ်မိသေးလား။ ဘယ်လိုအမှတ်တရတွေရှိလဲ။
အရင်ကပါတီပွဲတွေ၊ ကလပ်ပွဲတွေတော့ဆိုဖူးပါတယ်။ ဒါပေမဲ့ ပထမဦးဆုံးရှိုးတက်ရတာ မှတ်မှတ်ရ ယုဇနဂါးဒင်းဟိုတယ်မှာ သတင်းကျွတ်လုပ်တာဗျ။ ကျွန်တော်ပထမဦးဆုံး mix type ဝေတဲ့အချိန်ပေါ့နော်။ ကျွန်တော့် mix type နဲ့ကျွန်တော် ပြန်တောင်ပစ်ပေါက်ခံရပါတယ်။ ကျွန်တော်လန့်သွားတာပေါ့။ လန့်သွားတာပေါ့ဆိုတာက ကျွန်တော်တစ်ခါမှလည်း အဲလိုမခံခဲ့ရဘူးပေါ့နော်။ ကျွန်တော် သီချင်းမဆိုတော့ဖို့အထိ ဆုံးဖြတ်ခဲ့သေးတယ်။ အမေ့ရဲ့အားပေးမှုကြောင့်သာ ကျွန်တော်ဒီနေ့ ဒီအချိန်ထိရပ်တည်နေနိုင်တာပါ။ ကျွန်တော့်ရဲ့ ပထမဦးဆုံးရှိုးပွဲအတွေ့အကြုံကတော့ မလှပါဘူး။
ဂီတနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျတဲ့အချိန်တွေ ကိုရွှေထူးဘာတွေလုပ်ဖြစ်ခဲ့လဲ။
ကျွန်တော်ဂိမ်းဆော့တယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကျွန်တော်နေတယ်။ သူငယ်ချင်းတွေနဲ့ပဲ အချိန်ဖြုန်းဖြစ်ပါတယ်။ ဟိုးအရင်ကတည်းက သူငယ်ချင်းတွေနဲ့ပဲနေလာတာဆိုတော့ ကျွန်တော့်အနားမှာ သူငယ်ချင်းတွေ ရှိနေရင်တော့ ပြည့်စုံပါတယ်။
ဒါဆို ဒီလောကမှာ ခင်ဗျား အခုလို ရှင်သန်နေနိုင်ဖို့အတွက် ခင်ဗျားအမေက အဓိကကျခဲ့တယ်လို့ပြောလို့ရမလား။
ပြောလို့ရပါတယ်။ ကျွန်တော့်အမေနဲ့ ကျွန်တော့်မိသားစုက အဓိကအကျဆုံးပါ။

ဒီလောကထဲမရောက်ခင် ကိုရွှေထူးဘယ်နေရာတွေကနေ ဘယ်လိုကြိုးစားခဲ့ရတာလဲ။ underground မှာရော ဘယ်သူတွေနဲ့လက်တွဲဖြစ်ခဲ့လဲ။
ကျွန်တော့်အမြင်မှာတော့ underground လည်းမရှိဘူး။ mainstream လည်းမရှိဘူး။ ကျွန်တော်က အနုပညာလုပ်တဲ့လူ၊ အနုပညာသမားတစ်ယောက်။ အဲဒီအတွက် ကျွန်တော့်မှာ underground တွေ၊ mainstream တွေမခွဲထားဘူး။ ကျွန်တော်က သီချင်းလုပ်တယ်။ သီချင်းလုပ်နေရရင်ပျော်တဲ့ အဆိုပျော်တစ်ယောက်။ ဒါပါပဲ။
ကိုရွှေထူးက အခုနှစ်တွေထဲမှာ ပိုပြီးပေါက်မြောက်လာတဲ့လူတစ်ယောက်လည်းဖြစ်သလို၊ အဝေဖန်လည်း ပိုပြီးခံနေရတော့ အဲဒါတွေကို ဘယ်လိုသဘောထားလဲ။
အောင်မြင်လာတယ်ဆိုတာကတော့ သူများတွေထင်ကြေးပေးတာပါ။ ကျွန်တော့်အတွက်က အခုမှအစပါ။ တစ်ပဲရှိပါသေးတယ်။ သုညတော့ကျော်သွားပါပြီ။ ကျွန်တော်ရှေ့လျှောက်ကြိုးစားရမှာတွေအများကြီး ကျန်ပါသေးတယ်။ ကျွန်တော်လုပ်ချင်တဲ့ plan တွေကျွန်တော့်မှာ အများကြီးကျန်သေးတယ်။ ဝေဖန်ခံရတာကတော့ အနုပညာရှင်တစ်ယောက်အနေနဲ့ဝေဖန်ခံရမှာပဲ။ ဒါကတော့ ဓမ္မတာပဲပေါ့။ ကျွန်တော့်ကို ချစ်တဲ့ပရိသတ်တွေလည်း ဆက်ချစ်ပေးပါ။ ကျွန်တော့်ကိုမုန်းတဲ့ပရိသတ်တွေ၊ ကျွန်တော့်ကို ကြည့်မရတဲ့ပရိသတ်တွေလည်း တတ်နိုင်သလောက်ပေါ့၊ ကျွန်တော်အများကြီးကြိုးစားနေပါတယ်။ အဲဒီအတွက် ဝေဖန် မယ်၊ ပြောမယ်ဆိုရင်လည်း နည်းနည်းလေး သည်းခံပြီးပြောပေးပါလို့မေတ္တာရပ်ခံချင်တာပါ။
ကိုရွှေထူးကသူများသီချင်းတွေနဲ့ဖီးလ်ရတဲ့အခါ ဘယ်သူ့သီချင်းတွေပိုများလဲ။
အတိအကျတော့မရှိဘူးဗျ။ ပုံမှန်အားဖြင့်တော့ ကျွန်တော်နားထောင်ပါတယ်။ မြန်မာသီချင်းတွေရော၊ နိုင်ငံခြားသီချင်းတွေရော၊ ကျွန်တော်က အစံနားထောင်တယ်။ အိန္ဒိယသီချင်းတွေလည်းနားထောင် တယ်။ မြူးဇစ်မှန်ရင် အကုန်နားထောင်တယ်။ မက်တယ်လ်တွေလည်းနားထောင်တယ်။ ကျွန်တော့်စိတ်ခံစားချက်အပေါ်မူတည်ပြီး ကျွန်တော်နားထောင်တယ်။ နှလုံးသားရေးရာနဲ့ပတ်သက်ပြီး ခံစားချက်တစ်ခုခုရှိနေရင် အသဲကွဲသီချင်းလိုမျိုး၊ ကျွန်တော့်နှလုံးသားကလိုအပ်တာနေတာမျိုးကို ကျွန်တော်နားထောင်လိုက်တယ်။ ကျွန်တော် အရမ်းဒေါသထွက်နေတယ်၊ သွေးဆူနေတယ်ဆိုရင် ဟစ်ဟော့်ပ်အကြမ်းကြီးတွေနားထောင်တယ်။ မက်တယ်လ်တွေနားထောင်တယ်။

မြူးဇစ်ပုံစံအားလုံးကို ကြိုက်တဲ့လူဆိုတော့ ကိုရွှေထူးသီချင်းတွေ နောက်ပိုင်းကျရင် ဘယ်လိုမြူးဇစ်ပုံစံတွေမြင်တွေ့ရမလဲ။
ပြောင်းသွားရှိတယ်။ ပြောင်းသွားဖို့ရှိတယ်ဆိုတာက အဲဒါက ကျွန်တော့်စိတ်ခံစားမှုနဲ့ပဲဆိုင်မယ်ထင်တယ်။ ကျွန်တော့်စိတ်ခံစားမှုနဲ့လုပ်ရတဲ့အလုပ်ကို ကျွန်တော်အချိန်မဆွဲတတ်ဘူး။ ကျွန်တော်က အချိန်တွေသီးသန့် သတ်မှတ်ထားတတ်တဲ့လူမျိုးတော့မဟုတ်ဘူး။ ဘယ်အချိန်က သီချင်းရေးရမယ့် အချိန်ဆိုတာမျိုးသတ်မှတ်ထားတာမဟုတ်ဘူး။ နေချင်သလိုနေတယ်။ ဂိမ်းဆော့ချင်ဆော့တယ်။ သူငယ်ချင်းတွေနဲ့ ဟေးလား ၀ါးလားလုပ်ချင်လုပ်တယ်။ ဒါပေမဲ့ ခေါင်းထဲမှာ ဘယ်လိုနေရာမျိုးပဲရောက်ရောက် ခေါင်းထဲမှာ သီချင်းစာသားထွက်လာပြီ၊ လုပ်ချင်တဲ့ပုံစံထွက်လာပြီဆိုရင် ဖုန်းနဲ့ရီကောဒင်းလုပ်ပြီး သိမ်းထားလေ့ရှိတယ်။ ညရောက်တာနဲ့ အဲဒါကို ချက်ချင်းအကောင်အထည်ဖော်ပါတယ်။ ရုပ်လုံးသွင်းတယ်ပေါ့။
သီချင်းရေးတဲ့ပုံစံကရော ဘယ်လိုသွားတာလဲ။
ဂစ်တာနဲ့လည်း ရေးလေ့ရှိတယ်။ fluty loop နဲ့လည်းရေးလေ့ရှိတယ်။ ကိုယ့်ဘာသာကားပေါ်မှာ သွားနေရင်း flow လေးစဉ်းစားမိတယ်ဆိုရင်၊ အိမ်ရောက်တော့မှ ဂစ်တာလေးနဲ့ ကော့ဒ်ရှာတာမျိုးလည်းရှိပါတယ်။ အဓိကကတော့ ခံစားချက်အလိုက်ကိုရေးပါတယ်။ အထူးသဖြင့်တော့ ကျွန်တော့်ကို ဟိုးအရင်တုန်းက ပစ်သွားတဲ့ ရည်းစားဟောင်းတွေကိုရေးတာပေါ့။
လက်ရှိမှာ ကိုရွှေထူးတို့နှစ်ယောက်ရဲ့ အချစ်ရေးအခြအနေကဘယ်လိုလဲ။ အိမ်ထောင်ပြုဖို့ စိတ်ကူးနေပြီလား။
ကျွန်တော့်ပရိသတ် တော်တော်များများ ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးအကြောင်းသိကြပါတယ်။ သူကတော့ နိုင်ငံခြားမှာပါ။ အဲဒီအတွက်နဲ့ပတ်သက်ပြီး ပရိသတ်တွေက မေးကြပါတယ်။ မိန်းမယူတော့မှာလား ဘာညာပေါ့။ မိန်းမတော့ လောလောဆယ်မှာတော့ လုံးဝယူဖြစ်မှာမဟုတ်သေးပါဘူး။ ကျိန်းသေပါတယ်။
ကိုရွှေထူးနဲ့လှည်းတန်းရဲ့ အကြောင်းလေးတွေသိချင်ပါတယ်။
ကျွန်တော့်ရဲ့ ရွှေထူးဆိုတဲ့ဘ၀က လှည်းတန်းကစပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ DOTA ပတ်ခုတ်နေတဲ့ ကလေကချေတစ်ယောက်ပေါ့။ သီချင်းလေးတွေလည်း မတောက်တစ်ခေါက်ဆိုနေတဲ့အချိန်မှာ။ ကျွန်တော်တို့သူငယ်ချင်းတွေဆော့နေကျ ဂိမ်းဆိုင်မှာပဲ ကျွန်တော့်သီချင်းတစ်ပုဒ်က ပေါက်သွားတယ်ပေါ့။ အဲဒီဂိမ်းဆိုင်က လူတွေအားလုံးက နားထောင်ကြတော့ ဘယ်သူဆိုတာလဲ၊ ဘယ်သူဆိုတာလဲ ဆိုတော့ ရွှေထူးဆိုတာပေါ့။ ကျွန်တော်ဂိမ်းဆော့တဲ့နာမည်က ရွှေထူးပါ။ အဲဒီကနေ ရွှေထူးဖြစ်လာတယ်။ ဒီနေရာပေါ့က သူများတွေပြောတဲ့အောင်မြင်မှုဆိုပါစို့၊ ကျွန်တော့်အတွက်ကတော့တစ်ပါ။ ဒီလိုအနေ အထားရောက်လာတယ်ဆိုတာက ကျွန်တော်ကိုယ်တိုင်ကြိုးစားမှုလည်းဖြစ်တယ်။ ကျွန်တော့်ပရိသတ်အပေါ်မှာ စေတနာမေတ္တာအမှန်ထားတာကြောင့်လည်းပါတယ်၊ ကျွန်တော့်ပရိသတ်က ကျွန်တော့်ကိုချစ်လို့လည်းပါ တယ်။ အဲတော့ ကျွန်တော့်အတွက်ကြိုးစားရတာက အများကြီးပါ။ ကျွန်တော်က မိဘဆွေမျိုးအသိုင်းမရှိဘူး။ ပြီးတော့ ငွေကြေးချမ်းသာတဲ့မိသားစုကလာတဲ့မဟုတ်တဲ့အတွက်ကြောင့် အနှိမ်ခံရတာအများကြီးရှိတယ်။ လူရာသွင်းမခံခဲ့ရတာတွေအများကြီးရှိခဲ့တယ်။ ဒါတွေက ပြီးခဲ့ပါပြီ။ အခုအချိန်မှာ ကျွန်တော်က အတိတ်ကိုမကြည့်ဘူး။ ပစ္စုပ္ပန်ကို စိတ်ဝင်စားတယ်။ အနာဂါတ်အတွက် ပိုပြီးကြိုးစားတယ်။
အခုရော DOTA တွေပတ်ခုတ်နေသေးလား။
သွားတော့မခုတ်ဘူး။ အိမ်မှာ ကွန်ပျူတာနှစ်လုံးဆင်ထားတယ်။ ကျွန်တော့်မန်နေဂျာနဲ့ ကျွန်တော်အမြဲတမ်းခုတ်တယ်။
ဂိမ်းဆိုင်ထဲမှာ ပေါက်ခဲ့တဲ့ သီချင်းက ဘာသီချင်းလဲ။
မနားဆင်ဖို့ ဆိုတဲ့သီချင်းပါ။

အခုလက်ရှိ "ချစ်တိုင်းလည်းမညား" သီချင်းနဲ့ပတ်သက်ပြီးတော့ရော အစ်ကို့ဘက်က ဘယ်လိုပြောပြစရာရှိလဲ။
ဒီသီချင်းက လုပ်ထားတာ ၅ နှစ်၊ ၆ နှစ်လောက်ရှိပါပြီ။ ကျွန်တော်တို့အဲဒီအချိန်တုန်းက ကျွန်တော်နဲ့အာဒံနဲ့သီချင်းလုပ်လိုက်တယ်ပေါ့နော်။ အခုမှသာပြန်ထွက်လာတာပေါ့။ ကျွန်တော့်ကိုပြောနေကြတာတွေကြားပါ တယ်။ ပြောတော့လည်း ခံရမှာပေါ့နော်။ ဒါပဲရှိပါတယ်။ ဟိုးအရင်တုန်းက မအောင်မြင်ခင် ကလေးဘ၀တုန်းက လုပ်ထားတဲ့ဟာတွေပေါ့။ ဘယ်အရာကိုမှ ထိခိုက်လိုတဲ့စိတ်၊ ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့စိတ်မရှိပါ ဘူး။ ပြောတဲ့သူကလည်း ပြောမှာပဲ။ ပြောတာတွေကိုလည်း ကျွန်တော်ခံယူဖို့အသင့်ပါပဲ။ ကျွန်တော်ကျေနပ်တဲ့အနုပညာ၊ ကျွန်တော်ချစ်တဲ့အနုပညာကို ကျွန်တော်လုပ်ပါတယ်။ ပြောတဲ့လူလည်း ပြောပါစေပေါ့။
Underground မှာကတည်းက အခုထက်ထိတွဲနေတဲ့ သူငယ်ချင်းလက်တွဲဖော်တွေကဘယ်သူတွေလဲ။
Underground မှာတုန်းက တွဲခဲ့ဖူးတဲ့လူတွေက အများကြီးရှိပါတယ်။ အဲဒီလူတွေလည်း အခု မိန်းမတွေရ၊ ကလေးတွေမွေး၊ ကိုယ့်အလုပ်နဲ့ကိုယ်ဖြစ်သွားကြပြီ။ ဟိုးအရင်ကတည်းက အခုလက်ရှိအချိန်အထိ တွဲဖြစ်နေတုန်းသူငယ်ချင်းတွေကတော့ Oasix နဲ့ Y-Zet ကတော့ အခုအချိန်ထိတွဲဖြစ်တုန်းပဲ။ ရှိုးပွဲတွေသွားရင်လည်း သူတို့နဲ့အတူတူဆိုဖြစ်တယ်။ တစ်အိမ်တည်းလည်း အတူတူနေကြတာပါ။
ကိုရွှေထူးက ဟစ်ဟော့ပ်အကြမ်းကြီးတွေလည်း ကြိုက်တယ်၊ မက်တယ်လ်တွေလည်း နားထောင်တယ်ဆိုတော့ ဒီ R&B Pop ကို ရွေးဖြစ်ခဲ့တာက ကိုယ်နဲ့အလိုက်ဖက်ဆုံးလို့ထင်လို့လား။
ဟုတ်ပါတယ်။ ကိုယ်တိုင်ကတည်း ဒီမြူးဇစ်နဲ့ ပိုလိုက်ဖက်တယ်လို့ ထင်ပါတယ်။ ပြီးတော့ အမေကိုယ်တိုင်ကလည်း ကျွန်တော့်ကို ဒီမြူးဇစ်နဲ့လိုက်တယ်ပေါ့နော်။ ကျွန်တော်ကိုယ်တိုင်ကလည်း ဒါကိုဆိုရတာ ကိုယ့်အတွက်အဆင်ပြေတယ်။ ပြီးတော့ ကိုယ်အပိုင်ဆုံးဖြစ်တယ်ထင်လို့ ဒီလိုင်းကို တစ်စိတ်မတ်မတ်လုပ်ဖြစ်သွားတာပေါ့။
ကိုရွှေထူးက မြူးဇစ်တွေပဲ ဖိလုပ်နေခဲ့တော့ ပညာရေးဘက်မှာရော။
ကျွန်တော် ဆယ်တန်းကျတယ်။ ဆယ်တန်းကျတဲ့အချိန်က ကျွန်တော့်မိသားစုရဲ့ စီးပွားရေးပြဿနာလည်း နည်းနည်းရှိတယ်။ ကျွန်တော်ပညာရေးဘက်ကိုလည်း ဆက်ပြီးမလိုက်နိုင်တော့ဘူး။ ကျွန်တော် အိမ်ပေါ်ကဆင်းပြီး သီချင်းတွေလုပ်တယ်။

လူတစ်ယောက်အတွက် ဆယ်တန်းအောင်တာကျတာက ဘယ်လောက်ထိအရေးကြီးတယ်ထင်လဲ။
ကျွန်တော်ဆို ဆယ်တန်းမအောင်ဘူးပေါ့နော်။ ဟိုးအရင်တုန်းက လူကြီးသူမတွေပြောတာက ဆယ်တန်းမအောင်ရင်လူရာမ၀င်ဘူးပေါ့။ ကျွန်တော်က ဘာလဲဆိုတော့ Do or Die လုပ်ခဲ့တာ။ အဲဒီအတွက် ကျွန်တော်ဆယ်တန်းကိုလည်း ပြန်မဖြေတော့ဘူး။ ငါဆယ်တန်းမဖြေတော့ဘူး။ သီချင်းတွေပဲလုပ်တော့မယ်။ ခွေးဖြစ်ရင်လည်းဖြစ်၊ သူဌေးဖြစ်ရင်လည်းဖြစ် ဆိုတဲ့စိတ်နဲ့လုပ်ခဲ့တယ်။ ကျရှုံးသွားလည်း နောင်တရမှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ လမ်းဖြစ်နေလို့ပဲ။ ဒါပေမဲ့ ကျွန်တော့် ညီလေးတွေ၊ ညီမလေးတွေကို ပြောချင်တာက ဆယ်တန်းတော့ အောင်အောင်ဖြေကြပါ။ ဆယ်တန်းအောင် ဖို့တော့လိုပါတယ်။ ကျွန်တော်က အခုအချိန်မှာသာ ပညာရေးဘက်မလှည့်နိုင်တော့တာပါ။ ဟိုးအရင်က အိမ်ရဲ့စီးပွားရေးအခြေအနေကြောင့်ရော၊ ကိုယ်လုပ်ချင်တာတွေကြောင့်ရော ဆယ်တန်းဘက်ကို မလှည့်နိုင် ခဲ့ဘူးပေါ့။ အဲဒါကြောင့် အခုပညာရေးလုပ်နေတဲ့ ညီလေး၊ ညီမလေးတွေ ဆယ်တန်းကိုတော့ အောင်အောင်ဖြေကြပါ။ မည်သို့ပင်ဆိုစေကာမူ ပွဲလယ်ရောက်ရင် ဆယ်တန်းတောင်မအောင်ဘူးဆိုတာ ကတော့ ပြောစရာတစ်ခုလိုဖြစ်နေပါတယ်။ အခု ကျွန်တော်လုပ်နေတာတစ်ခုရှိတယ်။ လောလောဆယ်မှာတော့ ကျွန်တော်နဲ့နီးစပ်ရာပတ်ဝန်းကျင်မှာ ကျောင်းတက်ချင်ရက်နဲ့အခြေအနေအရကျောင်းမတက်နိုင်တဲ့ ညီလေး၊ ညီမလေးတွေကို ကျွန်တော်ကျောင်းထားပေးတာတွေရှိပါတယ်။ ကျွန်တော်ဖြစ်စေချင်ပြီး ကျွန်တော်မလုပ်နိုင်တဲ့အရာတစ်ခုကို Support လုပ်ပေးတဲ့သဘောပါ။
စိတ်ကူးယဉ်စာအုပ် MTV ကရော ဘယ်တော့လောက်ထွက်မလဲ။ ခွေသစ်ကရော။
ဒီနှစ် ၁၂ လပိုင်းမှာ ထွက်ပါမယ်။ နောက်ထပ် ခွေသစ်ကတော့ နောက်နှစ် ၂ လပိုင်း(သို့မဟုတ်) သင်္ကြန်အပြီးလောက်မှာ ထွက်ပါလိမ့်မယ်။ သီချင်းတွေကတော့ ရယ်ဒီဖြစ်နေပါပြီ။
ကိုရွှေထူးအပြင် တခြားတေးရေးဆရာတွေရဲ့ သီချင်းတွေပါလာမလား။
ပုံမှန်အားဖြင့် ကျွန်တော့်ဆရာလိုဖြစ်နေတဲ့ 3 Creators က ဒိုးပတ်ပါတယ်။ လက်ရှိအချိန်တော့ တေးရေးတွေ confirm မဖြစ်သေးပါဘူး။ ကျွန်တော်ကိုယ်တိုင်ရေးတဲ့သီချင်းတွေပဲရှိပါသေးတယ်။ ကျွန်တော်ကြိုက်တဲ့တေးရေးဆရာတွေကိုတော့ ကျွန်တော်အကူအညီတောင်းသွားမှာပါ။
ပရိသတ်တွေကို ဘာတွေများအသိပေးစရာရှိလဲ။
အသိပေးစရာတော့ ထူးခြားပြီးမရှိပါဘူး။ အဓိကပြောချင်တာကတော့ နေကောင်းအောင်နေပါ။ တုတ်ကွေးမိကြတဲ့ ရာသီဥတုထဲရောက်နေတော့ ကျန်းမာရေးဂရုစိုက်ကြပါ။ လူဆိုတဲ့အရာက နေကောင်းမှ ပိုက်ဆံရှာနိုင် မယ်။ ကိုယ်လုပ်ချင်တာလုပ်နိုင်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်ပရိသတ်ကို ဖျော်ဖြေနိုင်ဖို့အတွက် ကျန်းမာရေးဂရုစိုက်နေပါတယ်။ ကျွန်တော့်ပရိသတ်တွေလည်း ကျွန်တော့်ကို အားပေးနိုင်အောင် ကျန်းမာရေးကို အထူးဂရုစိုက်ကြပါလို့ပြောချင်ပါတယ်။ နောက်ပြီး ဘုရားတရားလေးလုပ်ပါလို့ပြောချင်ပါတယ်။
အောင်လင်းသစ်
PHOTOGRAPHED BY HLAING BANYAR (25 MINUTES)/ STYLING BY KIKI JANUARY/ OUTFITS: FASHION PALACE/ HAIR & MAKEUP: JET JET
Ref: moda.com.mmhttp://www.moda.com.mm/articles/ytnkmee-gitelake-esupseu-eu