ဖျာသည်မ၏သားဟု ပြောဆိုခံရပြီးနောက် ဖီလစ်ပိုင်သမ္မတနှင့် တွေ့ဆုံမည့်အစီအစဉ်ကို အိုဘားမား ဖျက်သိမ်း

ဖီလစ်ပိုင်သမ္မတ ဒူတာတေးသည် အမေရိကန်သမ္မတအိုဘားမားကို “မိန်းမပျက်၏သား” ဟု ပြောဆိုလိုက်ပြီးနောက် နှစ်ဦးတွေ့ဆုံဆွေးနွေးမည့်အစီအစဉ်ကို သမ္မတအိုဘားမားက ဖျက်သိမ်းလိုက်သည်။


လာအိုနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှနှင့် တောင်အာရှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲတွင် သမ္မတ အိုဘားမားက ဖီလစ်ပိုင် သမ္မတသစ်နှင့် ပထမဦးဆုံးအကြိမ်တွေ့ဆုံမည်ဟု စီစဉ်ထားခဲ့ခြင်းဖြစ်သည်။


အမေရိကန်သမ္မတကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် မှတ်ချက်မျိုးပေးခဲ့မိသည့်အတွက် နောင်တရမိကြောင်း သမ္မတ ဒူတာတေးက ပြောဆိုသည်။


“သမ္မတ ဒူတာတေးသည် ဖီလစ်ပိုင်တွင် ဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဥပဒေပြင်ပ လူသတ်မှုများ ဖြစ်ပေါ်နေခြင်းကို အိုဘားမားက ဝေဖန်ဖြောင်းဖျပေးလိမ့်မည်ဆိုသည့် သတင်းဌာနများ၏ ရေးသားချက်များကြောင့် ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ရခြင်းဖြစ်သည်ဟု ရှင်းပြကြောင်း ဖီလစ်ပိုင် အစိုးရက ဆိုသည်။


သမ္မတ အိုဘားမားအနေဖြင့် သမ္မတ ဒူတာတေးနှင့် တွေ့ဆုံမည်ဆိုလျှင် ဖီလစ်ပိုင်နိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး အလွဲသုံးစားလုပ်မှုများအပေါ် မည်သည့်ထိုးနှက်ဝေဖန်မှုမျှ ပြုလုပ်လိမ့် မည်မဟုတ်ကြောင်း အိမ်ဖြူတော်က ပြောဆိုထားပြီးဖြစ်သည်။


သမ္မတ ဒူတာတေးသည် သူ၏ “မိန်းမပျက်၏ သား”ဟုပြောဆိုမှတ်ချက်ပေးခြင်းကို အရှေ့တောင်အာရှနှင့် တောင်အာရှခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်ရန် မထွက်ခွာမီ စက်တင်ဘာ ၅ ရက်က သတင်းထောက်များကို ပြောကြားသွားခြင်းဖြစ်သည်။


တရုတ်နိုင်ငံ ဟန်ကျိုးတွင် G20 ဆွေးနွေးပွဲ တက်ရောက်စဉ် ဖီလစ်ပိုင်သမ္မတ၏ စော်ကားမှုကို အိုဘားမားက ကြားသိရခဲ့ခြင်းဖြစ်သည်။


ထိုနောက် သတင်းစာရှင်းလင်းပွဲတွင် သမ္မတ အိုဘားမားက “ကျွန်တော်ရဲ့ လက်ထောက်တွေကို ဖီလစ်ပိုင်အရာရှိတွေနဲ့ ဆက်သွယ်ခိုင်းခဲ့ပြီးတော့ နှစ်ဖက်စလုံး အကျိုးရှိမယ့် စကားပြောလို့ရမယ့် အချိန်တစ်ခုကို ရှာဖွေခိုင်းခဲ့တယ်” ဟု ဆိုသည်။


ထိုအစား သမ္မတအိုဘားမားသည် မြောက်ကိုရီးယားက ဒုံးကျည်များ ပစ်လွှတ်သည့်အရေးနှင့်ပတ်သက်၍ တောင်ကိုရီးယားသမ္မတနှင့် ယနေ့(စက်တင်ဘာ ၆ရက်)တွင် တွေ့ဆုံမည်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။


Source: Reuter

Photo Credit: EPA




Powered by Blogger.