မုံရွာကွန်ပျူတာကျောင်းအနီး အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်၊ ပြည်ထောင်စု အဝေးပြေးလမ်းမကြီးအနီးရှိ ကွန်ပျူတာကားမှတ်တိုင် အဆောင်အဦးအတွင်း အောက်တိုဘာ ၄ ရက်မနက် ၆ နာရီအချိန်ခန့်က အမျိုးသားတစ်ဦး ၀မ်းလျားမှောက်၍ သေဆုံးနေသည်ကို ဒေသခံပြည်သူများက တွေ့ရှိရသည်။
အဆိုပါ သေဆုံးသူသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးသော်လည်း သေဆုံးသူ၏ ဆိုင်ကယ်ဟုယူဆရသော ရုပ်ဆိုး 125 အနက်ဖြူကြား ယာဉ်အမှတ် ၂၁ယ/ ၇၉၆၂ အမျိုးအစား ဆိုင်ကယ်တစ်စီး၊ ပန်းနုရောင်နှင့်အနက်ကြား ဆိုင်ကယ်စီး ဦးထုပ်တစ်လုံး၊ ဖိနပ်တစ်ဘက်အား ၎င်းသေဆုံး၏ နေရာအနီး သံလမ်းအရှေ့ဘက် တွင်တွေ့ရှိရသည်။
၎င်းဆိုင်ကယ်၏ ပစ္စည်းသေတ္တာဘောက်အား သက်ဆိုင်ရာမှ ဖွင့်ဖောက်စစ်ဆေးရာတွင် ၎င်းဆိုင်ကယ်အတွင်းမှ ယာဉ်မောင်းလိုင်စင်တစ်ခုတွေ့ရှိရသည်။ လိုင်စင်မှာ ဦးအောင်ရဲကျော်၊ ၅/ ယမပ(နိုင်) ၀၆၀၆၃၄ ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ဒေသခံပြည်သူများက မုံရွာမြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားထားကြောင်း သိရသည်။
လွန်ခဲ့သော သုံးနှစ်တာကာလခန့် ၂၀၁၃ ခုနှစ်၊ ဇူလိုင် ၁၈ ရက်နေ့မနက်က အဆိုပါ လူသေအလောင်းတွေ့ရှိရာ အရပ်နှင့် ၀န်းကျင်နေရာတစ်ခုတွင် ဦးခေါင်းကြေမွဒဏ်ရာ၊ မျက်နှာစုပ်ပြဲဒဏ်ရာ၊ လက်ကျိုးဒဏ်ရာများနှင့် လူသေအလောင်းတစ်လောင်း စွန့်ပစ်ထားသည်ကို တွေ့ရှိရပြီး အဆိုပါ လူသတ်မှုမှာ ယနေ့အထိတိုင်တောင် ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိသေးသည့်အပြင်၊ ၎င်းညက ဆက်တိုက်ဖြစ်ပွားခဲ့သော မုံရွာမြို့ အောင်းချမ်းသာဈေးရှေ့အနီးဖြစ်ပွားသော လူသတ်မှုမှာလည်း စုံးစမ်းဖော်ထုတ်ပေးနိုင်ခြင်းမရှိသေးကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။
ကိုတိုးကြီး