လမ်းညွှန်ဆိုင်းဘုတ်တွေမှာ ဒေါ်ကြယ်လမ်းကို ''Daw Star Street''ဟု ဘာသာပြန်ရေးသားခြင်းမျိုး မပြုတော့ဟု မြို့တော်ဝန်ပြောကြား

----- ------ ------

ရန်ကုန်မြို့ရှိ လမ်းညွှန်ဆိုင်းဘုတ်များတွင် နိုင်ငံခြားသားများ ဖတ်ရှုနားလည်စေရန် ဒ်ါကြယ်လမ်းကို '' Daw Star Street ''ဟု ဘာသာပြန်ရေးသားခြင်းမျိုး ပြုလုပ်မည်မဟုတ်တော့ကြောင်း အောက်တိုဘာ ၃ ရက်နေ့တွင်ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားလိုက်သည်။


ယင်းအစည်းအဝေးတွင် ဒဂုံတောင် အမှတ် ၁ မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ မေးမြန်းသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့နေရာများတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် လမ်းညွှန်ဆိုင်းဘုတ်ကြီးများကိုတွေ့ရှိရ၍ တိုင်းဒေသကြီးတွင်း မြို့နယ်အသီးသီးတွင် အင်္ဂလိပ်-မြန်မာနှစ်ဘာသာဖြင့် လမ်းညွှန်ဆိုင်းဘုတ်ကြီးများထားရှိစိုက်ထူပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခြင်းအပေါ် မြို့တော်ဝန်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။


"ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၊ လမ်းမကြီး၊ လမ်းဆုံနေရာတွေမှာ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ လမ်းညွှန်ဆိုင်းဘုတ်ပေါင်း ၃၅၄ ခု စိုက်ထူထားပါတယ်။ ဆက်လက်ပြီးလည်းလိုအပ်တဲ့ နေရာတွေမှာ စိုက်ထူပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီလို စိုက်ထူတဲ့နေရာမှာလည်း အရင်တုန်းက အားနည်းချက် တွေရှိပါတယ်။ မလိုအပ်ဘဲနဲ့ ဘာသာပြန်မှုတွေ။ ဥပမာအားဖြင့် ဒေါ်ကြယ်လမ်းကို ''Daw Star Street''ဆိုပြီး ပြန်တာမျိုးတွေမလုပ်တော့ဘဲနဲ့ Daw Kyal Street ဆိုပြီး နိုင်ငံခြားသား နားလည်အောင် လုပ်ထားမဲ့အစီအစဉ်ရှိပါတယ်''ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကပြောသည်။


လင်းလင်းအောင်


News Watch (3 October 2016)

Powered by Blogger.