ကာလိမြို့ အမှတ် (၃) ရပ်ကွက်၌ မီးလောင်မှု ဖြစ်ပွား
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ကာလိမြို့ အမှတ်(၃)ရပ်ကွက် ပြည်ထောင်စု လမ်းရှိ အိမ်အမှတ် (၃/၂၅၅) နေ ဦးစိုင်းတူး နေအိမ်၌ ယမန်နေ့ နံနက် ၁ဝ နာရီ ၁ဝ မိနစ်ကမီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဦးစိုင်းတူး နေအိမ်၌ အလုပ်သမား စိုင်းမောင်လှ (ခ) ဦးလောကသည် ဆီပီပါမှ ငါးဂါလန်ဆံ့ သံပုံးထဲသို့ ဆီဖြည့်စဉ် ဆီဖြည့်ပိုက်နှင့် ပွတ်တိုက်မှုကြောင့် မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မီးလောင်မှုမှ တစ်ဆင့် အနီးရှိ ရေသယ်ယာဉ် ဂါလန် ၈ဝဝ ဆံ့တစ်စီး၊ နေအိမ်အဆောက်အအုံ တစ်လုံး၊ ပစ္စည်းသိုလှောင်သည့် အဆောက်အအုံ တစ်လုံး၊ အဆောက်အအုံအတွင်း လုပ်ငန်းသုံးအတွက် သိုလှောင်ထားသည့် ဒီဇယ်ပီပါ လေးလုံး၊ ဓာတ်ဆီပီပါ လေးလုံး၊ ပီပါခွံ ၁ဝ လုံး မီးလောင် ဆုံးရှုံးခဲ့သည်။ မီးလောင်ကျွမ်းရာသို့ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်သိုက်၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပုဂ္ဂလိကပိုင် မီးသတ်ယာဉ် နှစ်စီး၊ ကွန်ဟိန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် နှစ်စီး၊ ပြည်သူ ၁၇ဝ ဦးခန့်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် မီးငြှိမ်း သတ်နိုင်ခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် အဆောက်အအုံ တန်ဖိုးငွေကျပ် ၆၇၅ဝဝဝ၊ ပစ္စည်း သိုလှောင် အဆောက်အအုံ တန်ဖိုးငွေကျပ် ၂ဝ၂၅ဝဝ၊ ရေသယ်ယာဉ် တန်ဖိုးငွေကျပ် ၃ဝဝဝဝဝဝ၊ သိုလှောင်ဆီပီပါ ရှစ်လုံး တန်ဖိုးငွေကျပ် ၂ဝ၈ဝဝဝဝ စုစုပေါင်း တန်ဖိုးငွေကျပ် ၅၉၅၇၅ဝဝ ခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။ အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အလုပ်သမားဖြစ်သူ စိုင်းမောင်လှအား ကာလိမြို့မ ရဲစခန်းက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြဝတီ