တောင်ငူနှင့် ၁၁ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားနည်း ငလျင်လှုပ်

တောင်ငူ၊ သြဂုတ် ၃၁



ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အနောက်မြောက်ဖက် ၁၁ မိုင်ခန့် အကွာကို ဗဟိုပြု၍ ယနေ့ (သြဂုတ် ၃၁ ) နံနက် ၀၀ နာရီ ၃၄ မိနစ်ခန့်က အင်အားနည်း မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ မြေငလျင်သတင်းဌာနမှ ထုတ်ပြန်ခဲ့သည်။


အင်အား ရစ်ခ်တာစကေး ၂ ဒသမ ၈ အဆင့်ရှိသည့် အဆိုပါ အင်အားအနည်းငယ်ရှိသော မြေငလျင်သည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ အနောက်မြောက်ဘက် ၁၁မိုင်ခန့်ကွာဝေးသော ကုန်းတွင်းပိုင်းတစ်နေရာကို ဗဟိုပြုလှုပ်ရှားသွားကြောင်း အဆိုပါ ထုတ်ပြန်ချက်များအရ သိရှိရသည်။


"ငလျင်လှုပ်မှန်း သိတောင် မသိလိုက်ဘူး။ ဟိုတစ်ပတ်က လှုပ်တဲ့ ငလျင်တုန်းကတော့ သိသိသာသာ ခံစားခဲ့ရတယ်"ဟု တောင်ငူမြို့ခံ ကျူရှင်ဆရာတစ်ဦးက ပြောကြားသည်။


ပဲခူးတိုင်း တောင်ငူကို အခြေပြုလှုပ်ခတ်မှုကို မိုးလေဝသနှင့် ဇလဗေဒစခန်းမှ ထုတ်ပြန်မှု မပြုထားကြောင်း၊ အင်အားရစ်ခ်တာစကေး ၃ ထက်ငယ်ပါက ပြည်တွင်း ငလျင်တိုင်းတာရေးစက်များက ဖတ်ကြားမှုမရှိကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဒေသတစ်ဝိုက်နှင့် ငလျင်လှုပ်ခြင်းကို ခံစားခဲ့ရသည့် ဒေသများမှ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Credit: Thevoicemyanmar

http://thevoicemyanmar.com/news/1366-local



Powered by Blogger.